မြန်မာနိုင်ငံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦး သွားရောက်မှာ အနှစ် ၅၀ ကျော်အတွင်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်တာမို့ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ အရေးပါတဲ့ခြေလှမ်း ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာလူထုရဲ့ဆန္ဒနဲ့ လိုအပ်ချက်တွေကိုပဲ အမေရိကန် ပြည်ထောင်စုက တုံ့ပြန်သွားမှာဖြစ်သလို လက်ရှိ အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ရုတ်သိမ်းသင့် မသင့် သုံးသပ်အကဲဖြတ်ရမယ့် အခြေအနေတော့ မရောက်သေးဘူး လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
အခုအခြေအနေမှာ မြန်မာနိုင်ငံတွင်း တိုးတက်ပြောင်းလဲမှုအချို့ တွေ့နေရပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ကလည်း ဒီအခွင့်အလမ်းအပေါ်မှာ မြန်မာအစိုးရနဲ့ ထိစပ်ဆက်ဆံရေး တိုးမြှင့်လုပ်ဖို့ အရေးကြီးတဲ့ အချိန်ဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ မာ့ခ်တိုနာ (Mark Toner) က ပြောသွားပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ လိုအပ်ချက်တွေကို အဓိက အလေးပေးဆောင်ရွက်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာခ့်တိုနာက ပြောပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့ သင့်တော်တဲ့အချိန် ဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဝန်ကြီးကလင်တန်ဟာ နှစ် ၅၀ ကျော်အတွင်း မြန်မာနိုင်ငံကို သွားရောက်မယ့် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။ ဒါကိုကတင် အတော်လေး အရေးပါထင်ရှားတဲ့အချက် ဖြစ်နေပါပြီ။ ဒါပေမဲ့ မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ လိုအပ်ချက်တွေအပေါ်မှာ တုံ့ပြန်ဆောင်ရွက်သွားဖို့ ကိစ္စဟာ အမေရိကန်ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။”
မြန်မာနိုင်ငံတွင်းမှာ မကြာခင်ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုးတက်မှုတွေလို့ ဆိုတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားအချို့ လွတ်မြောက်လာတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးမှုတွေ ရှိလာတာ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ပေးလာတာကို နိုင်ငံခြားရေး ပြောခွင့်ရသူက အပြုသဘောထောက်ပြပါတယ်။ မကြာခင်က ပြဌာန်းပေးလိုက်တဲ့ ဥပဒေပြဌာန်းချက် ပြင်ဆင်ချက်တွေဟာလည်း နိုင်ငံရေးလွတ်လပ်ခွင့်တွေကို လမ်းဖွင့်ပေးလိုက်တာလို့ အမေရိကန် ပြည်ထောင်စုက မြင်ပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ပြီး လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာစေမယ့် နိုင်ငံရေးစနစ် ပွင့်လင်းမှုတွေ ပိုမို မြင်တွေ့လိုတယ်လို့ မစ္စတာတိုနာ က ပြောပါတယ်။
အခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့်အထိ နှစ်ဘက်ဆက်ဆံရေး ပြေပြစ်လာတာကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေကို ပြန်လည်ရုတ်သိမ်းတော့မလားလို့ မေးစရာဖြစ်လာပါတယ်။
မစ္စတာတိုနာကတော့ အခု ဆက်ဆံရေးအဆင့်ဟာ ကနဦးခြေလှမ်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှုတွေကို ပြန်ရုတ်သိမ်း မသိမ်း သုံးသပ်အကဲဖြတ်ရမယ့် အဆင့်တော့ မရောက်သေးဘူးလို့ ပြောသွားပါတယ်။
“ဒီအတွက် အကဲဖြတ် ဆန်းစစ်ရတော့မယ့် အခြေအနေအဆင့် မရောက်သေးပါဘူး။ အခုအဆင့်က ကနဦးအဆင့်မှာပဲ ရှိပါတယ်။ မြန်မာအထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်နဲ့ အခြားအမေရိကန် အရာရှိတွေနဲ့တွေ့ခဲ့သလို တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်သွားရဦးမှာပါ။ အခု နိုင်ငံခြားရေးဝန်ကြီး သွားရောက်တာဟာ နောက်ထပ် အရေးပါတဲ့အဆင့်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အရေးယူမှုတွေကို ပြန်ရုတ်သိမ်းဖို့ အကဲဖြတ်သုံးသပ်ရမယ့်အဆင့် မဟုတ်သေးပါဘူး။ ကျနော်တို့ရဲ့ ပထမဆုံးအဆင့်က ထိစပ်ဆက်ဆံသွားဖို့ပါ။ ဒီမူဝါဒဟာ မအောင်မြင်ဘူလို့ ပြောဆိုသံတွေ လပေါင်းများစွာ အတော်ကြားခဲ့ရ ပါတယ်။ ဒါကြောင့် ဒီပထမအဆင့်ကိုပဲ သွားနေတာပါ။”
ဒါပေမဲ့လည်း အခု နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်မယ့်အခြေအနေကို ကြည့်မယ်ဆိုရင်တော့ မြန်မာနဲ့ အဆင့်မြင့် ခေါင်းဆောင်ပိုင်း ဆက်ဆံရေးတွေ ပြန်လုပ်လာပြီလို့ ပြောရမှာပါ။