မြန်မာပြည်မှာ စစ်အစိုးရကနေ အရပ်သား အစိုးရကို ပြောင်းလဲသွားပြီ ဆိုပေမဲ့လည်း အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကိုတော့ ဆက်ပြီး လုပ်ထားဦးမှာပဲလို့ အမေရိကန်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲလ် (Kurt Campbell) က ပြောလိုက်ပါတယ်။
သူ့ရဲ့ အာရှခရီးစဉ်အတွင်း စင်ကာပူနိုင်ငံမှာ မနေ့တုန်းက သတင်းထောက်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့တာပါ။
လက်ရှိအခြေအနေတွေအရ အမေရိကန် ပြည်ထောင်စုက မြန်မာပြည်ကို ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်ရုပ်သိမ်းဖို့ မသင့်တော်သေးဘူးလို့ ယူဆတဲ့အကြောင်း မစ္စတာ ကာ့တ် ကမ်းဘဲလ်က ပြောပါတယ်။
မြန်မာအစိုးရက ဘယ်လို လုပ်ဆောင်နေတယ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်နေတယ်၊ ခေါင်းဆောင်ပိုင်းနဲ့ ထိရောက်ပြီး အကျိုးရှိတဲ့ ညှိနှိုင်းမှုတွေ လုပ်ဖို့ ဖြစ်နိုင်ခြေ ရှိမရှိ ဆိုတာကိုလည်း လေ့လာ စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရ ခေါင်းဆောင်သစ်တွေနဲ့ အမေရိကန်ဘက်က ညှိနှိုင်းပြောဆိုဖို့ ကြိုးစားမယ့် အရေးကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောက်ခံအားပေးတယ်၊ ကျနော်တို့ဘက်ကလည်း အစိုးရ ခေါင်းဆောင်သစ်တွေနဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ ရှိနေတာပါလို့ မစ္စတာ ကမ်းဘဲလ်က ပြောပါတယ်။
မြန်မာအစိုးရသစ်ရဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး ပြောဆိုဖို့တော့ သိပ်ပြီး စောနေသေးတယ်လို့လည်း ဆိုပါတယ်။
လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်ဟာ မြန်မာပြည်ကို ၂ ကြိမ် သွားခဲ့ဖူးပါတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖူးတဲ့သူပါ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်တချို့နဲ့ရော တွေ့ဆုံဖူးပါတယ်။ မစ္စတာ ကမ်းဘဲလ်ရဲ့ အခု အာရှခရီးစဉ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကိုလည်း သွားမှာဖြစ်ပါတယ်။