သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒု-လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်


အမေရိကန် ဒု-လက်ထောက်ဝန်ကြီး မြန်မာပြည်သွားမည်

အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာဌာန ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက် ယွန်း (Joseph Yun) ဟာ မြန်မာနိုင်ငံက အစိုးရသစ်နဲ့ တွေ့ဆုံဖို့ ဒီကနေ့ မေလ ၁၈ ရက်က စတင်ပြီး မြန်မာနိုင်ငံကို ၃ ရက်ခရီး သွားရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ မြန်မာအစိုးရသစ်နဲ့ ဆက်ပြီး ထိတွေ့ ဆက်ဆံသွားချင်တဲ့ ဆန္ဒကို ပြသတဲ့ အနေနဲ့ မစ္စတာယွန်း သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနမှာ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ပြောကြားသွားတာ ဖြစ်ပါတယ်။

“အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက်ဝန်ကြီး ဂျိုးဇက် ယွန်းဟာ မေလ ၁၈ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။ ဒီခရီးစဉ်ဟာ ကျနော်တို့ရဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပြီး ထိတွေ့လိုတဲ့ ဆန္ဒကို ထင်ဟပ်ခြင်းပဲ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေ၊ အရပ်သား အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။

“ဒု-လက်ထောက်ဝန်ကြီး ယွန်းဟာ မြန်မာအစိုးရ အရာရှိကြီးတွေနဲ့ မိတ်ဆက် တွေ့ဆုံမှု ပြုလုပ်ပြီး နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ NGO တွေ၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေ၊ စီးပွားရေး လောကသားတွေ အပါအ၀င် မြန်မာ့အရေးမှာ အကျုံးဝင် ပတ်သက်နေသူ အများအပြားနဲ့လည်း တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရသူ မာ့ခ် တုန်နာ ပြောကြားသွားတာ ဖြစ်ပါတယ်။

မစ္စတာယွန်းဟာ ၂၀၁၀ ဒီဇင်ဘာမှာ မြန်မာနိုင်ငံကို ပထမတကြိမ် သွားရောက်ခဲ့ဖူးပါတယ်။ အခုကတော့ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်မှာ ပထမဆုံးအကြိမ် သွားရောက်တာ ဖြစ်ပါတယ်။ သူဟာ မြန်မာအစိုးရသစ်မှာ ပါဝင်လာသူတွေနဲ့ တွေ့ဆုံမယ့် အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို အမေရိကန် အစိုးရက ကြိုဆိုတယ်လို့ ပြောခဲ့ပြီး မကြာခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ပြောကြားသွားပါတယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေပါတယ်လို့ အင်္ဂါနေ့ကလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရသူက ပြောကြားသွားပါတယ်။

XS
SM
MD
LG