သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်


အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒမှာ စိန်ခေါ်မှု အများအပြား ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) က ပြောလိုက်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အမေရိကန် တနိုင်ငံတည်း အနေနဲ့ မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက်ပိုင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ တခုအတွင်း မစ္စတာယွန်းက အဲဒီလို ပြောခဲ့တာပါ။ အောက်လွှတ်တော် ကြားနာပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက်နိုင်ငံတို့နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ ဥပဒေ အသီးသီးကို အကောင်အထည်ဖော် လုပ်ဆောင်နေမှု အခြေအနေတွေကို ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်း ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ဆိုင်တဲ့ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Block Burmese JADE Act ခေါ် မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ဥပဒေ ဖြစ်ပါတယ်။ ကြားနာပွဲမှာ မြန်မာ့အရေးကို အဓိက ပြောကြား ဖြေဆိုခဲ့သူကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်စ် အီလီယန်းနား ရော့စ်- လယ်တီနန် (Ileana Ros-Lehtinen) အပါအဝင် ကော်မတီဝင် လွှတ်တော်အမတ်တွေက သမ္မတ အိုဘားမား (Barack Obama) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်တဲ့ ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော လမ်း ၂ သွယ်လုံးပါတဲ့ မူဝါဒကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒရဲ့ ထိရောက်အောင်မြင်မှု၊ အလုပ်ဖြစ်မှုအပေါ် စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပြီး အောင်မြင်မှုရှိအောင် အစိုးရက ဘာတွေလုပ်နိုင်မလဲ ဆိုတာ မေးခဲ့ကြတာပါ။

မေးခွန်းထုတ်သူတွေထဲမှာ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်မခံတဲ့၊ Tom Lantos’ JADE Act ကို ပူးတွဲ ကမကထ ပြုခဲ့သူတွေထဲမှာ တဦးဖြစ်တဲ့ လွှတ်တော်အမတ် မစ်စ် အီလီယန်းနားလည်း အပါအဝင်ပါ။

“ထိတွေ့ဆက်ဆံရေး မူဝါဒကနေ အကျိုးရလဒ် မတွေ့ရသလောက်ပါပဲ။ အဲဒီမူဝါဒကို ချမှတ်ခဲ့ပြီးကတည်းက အမေရိကန် နိုင်ငံသားကို အကျဉ်းချတာ၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားကိစ္စလို့ ယူဆရတဲ့ အဆက်အဆံတွေ လုပ်ခဲ့တာ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာတွေပဲ တွေ့ရပါတယ်။ ၂ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ဒီ လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှုကနေ တကယ်အစစ်အမှန် ဘာရခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။”

ဒီအခြေအနေအောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားမယ်ဆိုရင် အဲဒီသံတမန် အနေနဲ့ ဘာလုပ်ဆောင်နိုင်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်ဖို့ရာ စိန်ခေါ်မှု အများအပြား ရှိနေပြီး နည်းလမ်း ၂ သွယ် မူဝါဒရဲ့ ထိတွေ့ဆက်ဆံရေးပိုင်းကနေ ခုချိန်ထိ ရလဒ်တစုံတရာ မရသေးဘူး ဆိုတာကို မစ္စတာယွန်းက ဝန်ခံပေမဲ့ အခြေအနေ တခုလုံးအပေါ် ခြုံငုံ သုံးသပ်ချက်အရ နည်းလမ်း ၂ သွယ်စလုံးကို ဆက်ပြီး ကျင့်သုံးသွားရပါမယ်လို့ မစ္စတာယွန်းက တုံ့ပြန်ပါတယ်။

အမေရိကန် တနိုင်ငံတည်းနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရလာအောင် လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက်အဝန်းနဲ့ အပြုသဘောဆောင် ဆက်ဆံရေး၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို တိုက်တွန်းဖို့ရာ ဥရောပ မဟာမိတ်တွေ၊ အရှေ့တောင်အာရှနဲ့ ဒေသတွင်းက မိတ်ဘက်နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင်နေပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“ဒါကို ကျနော်တို့ တနိုင်ငံတည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ရာ နိုင်ငံတကာ အသိုက်အဝိုင်းနဲ့အတူ လုပ်ဆောင်ရမှာပါ။ ဆိုလိုတာကတော့ အထူးသဖြင့် အာရှတိုက် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဟာ ကျနော်တို့နဲ့အတူ လုပ်ဆောင်ရပါမယ်။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး။ အဲဒါဟာ အထူးသံတမန်ရဲ့ အဓိကအလုပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ထိတွေ့ဆက်ဆံတာကို မကန့်ကွက်ပေမဲ့ အတိုင်းအတာ အကန့်အသတ်ရှိဖို့ လိုတယ်လို့ ကြားနာပွဲမှာ ကိုယ်တိုင် သက်သေထွက်ဆိုခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သူတို့ကို စကတည်းက ပြောပါတယ်။ Engagement လုပ်တဲ့နေရာမှာ တိကျတဲ့ အချိန်ဇယား ရှိဖို့လိုတယ်။ အဲဒီ တိကျတဲ့ အချိန်ဇယား အတွင်းမှာပဲ လိုချင်တဲ့ တောင်းဆိုမှုပေါ့၊ အဓိကကျတဲ့ တောင်းဆိုမှု ရှိဖို့လိုတယ်။ အချိန်ကာလ အကန့်အသတ် တခုတည်းမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ပြည့်မလာဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အဆင်သင့်ဖြစ်ဖို့လည်း လိုတယ်။ တုံ့ပြန်ဖို့ဆိုတာ အကောင်းရော၊ အဆိုးရောပါ၊ တကယ်လို့ စစ်အစိုးရဘက်က ကောင်းတာတွေ လုပ်တယ်ဆိုရင်လည်း အဲဒါကို ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့၊ မကောင်းတာတွေ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့အလျောက် တုံ့ပြန်ဖို့။ အဲဒီအတွက်လည်း အဆင်သင့်ဖြစ်ဖို့ လိုတယ်ပေါ့။ ဒါ ကျနော်တို့ အစကတည်းက ပြောပါတယ်။”

နှစ်လမ်း ၂ သွယ် မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်နာ လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက် ၃ နိုင်ငံ အရေးကိစ္စတွေကို မေးမြန်း ဆန်းစစ်ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီ ၃ နိုင်ငံစလုံးက တရုတ်အစိုးရနဲ့ ဆက်စပ်နေတာမို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး၊ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှု၊ ကမ္ဘာ့နိုင်ငံတွေပေါ် သြဇာသက်ရောက်မှု စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လွှတ်တော်အမတ်တွေထဲမှာ အမေရိကန် အစိုးရက တရုတ်နိုင်ငံကို ထိထိရောက်ရောက် ဖိအားမပေးနိုင်တဲ့အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ပြောဆိုသူတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG