သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုဝန်ကြီး နေပြည်တော်ခရီးစဉ်အတွင်း လှေစီးပြေးအရေး ဆွေးနွေးမည်


ကပ္ပလီပင်လယ်ပြင်အတွင်း ပိတ်မိနေတဲ့ လှေစီးပြေး ဒုက္ခသည်တွေအရေး မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကိုရောက်မှာ ဖြစ်ပါတယ်။

အဲဒီ လှေစီးပြေး ဒုက္ခသည်တွေ ဘာကြောင့် နေရပ်ကနေ ထွက်ခွာသွားနေကြတယ်ဆိုတဲ့ အခြေခံ အကြောင်းရင်းကို မြန်မာအာဏာပိုင်တွေနဲ့ ရန်ကုန်၊ နေပြည်တော်တို့မှာ ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ ကျင်းပတဲ့ ညီလာခံအတွင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ထွက်ပြေးလာကြပြီး သူတို့နိုင်ငံ ကမ်းခြေကို ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၇,၀၀၀ ကို လက်ခံပေးထားမယ်လို့ မလေးရှားနဲ့ အင်ဒိုနီးရှား နိုင်ငံတို့က ပြောပါတယ်။

ဒါပေမဲ့ အဲဒီလို လက်ခံထားတာဟာ ယာယီသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်းမှာလည်း နိုင်ငံတကာ ဥပဒေအရ ကူညီလုပ်ဆောင်ပေးဖို့ တာဝန်ရှိတာနဲ့အညီ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတို့က အဲဒီ ရွှေ့ပြောင်း နေထိုင်သူ ၇,၀၀၀ ကို လူသားချင်း စာနာတဲ့ အကူအညီတွေနဲ့ ယာယီနေထိုင်ခွင့် ပေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုကြောင်း ပြောခွင့်ရအမျိုးသမီး Marie Harf က ပြောပါတယ်။

ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံစိစစ်ပေးတဲ့ စခန်းဖွင့်ဖို့လို ငွေကြေးအရ လိုအပ်ချက် ရှိတယ်လို့ အဲဒီအိမ်ရှင်နိုင်ငံတွေဖက်က တောင်းဆိုလာရင် အမေရိကန် ပြည်ထောင်စု အနေနဲ့ အကူအညီပေးဖို့ စဉ်းသွားမှာဖြစ်ကြောင်းလည်း Marie Harf က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ အခုလ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ညီလာခံကိုလည်း ဒေသတွင်း နိုင်ငံတွေ အားလုံး တက်ရောက်ကြလိမ့်မယ်လို့ မျှော်လင့်ကြောင်း၊ ဒီညီလာခံကို အမေရိကန် ပြည်ထောင်စုက အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG