သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စီးပွားရေးအဖွဲ့ ရန်ကုန်ရောက်


အမေရိကန်နဲ့ အာဆီယံနိုင်ငံများရဲ့ စီးပွားရေး ညီလာခံ တက်ရောက်ရင်း မနေ့က အလွတ်သဘော တွေ့ဆုံခဲ့ကြတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်အရေးယူမှုတွေ လျှော့ချခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်တွေ လုပ်သွားဖို့ ကိစ္စ ပြောဆိုခဲ့ကြပါတယ်။ ခုလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက်မှာပဲ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအဖွဲ့ဟာလည်း ဒီကနေ့ မြန်မာနိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။ အပြည့်စုံကို ဆက်သွယ် စုံစမ်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အရှေ့တောင်အာရှဒေသမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့် တည်ဆောက်သွားဖို့ ရည်ရွယ်ချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွားရေး ညီလာခံမတိုင်ခင်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ မနေ့က တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းတွေ ရှေ့ဆက်သွားနိုင်အောင် ကျမတို့ ကူညီချင်ပါတယ်။ ဒီကိစ္စကို ကျမတို့ဘက်က အခိုင်အမာ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။” - လို့ ဝန်ကြီးကလင်တန်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် ပြောသွားတာပါ။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ စီးပွားရေးအရ ဒဏ်ခတ် ပိဆ်ဆို့ အရေးယူမှု အတော်များများကို အမေရိကန်က မကြာသေးခင်ကပဲ လျှော့ပေါ့ပေးခဲ့ပြီးတဲ့နောက် အခုတခါ အမေရိကန်က စီးပွားရေး ခေါင်းဆောင်တွေကို မြန်မာနိုင်ငံကို စေလွှတ်မယ့် အကြောင်းလည်း ဝန်ကြီးကလင်တန်က ပြောသွားခဲ့သလို အခု ဒီကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာပဲ မြန်မာနိုင်ငံကို ဆိုက်ရောက်လာပြီ ဖြစ်ပါတယ်။ မြန်မာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ရော၊ အစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ပါ မနက်ဖြန်မှာ တွေ့ဆုံဖို့ ရှိပြီး မြန်မာနိုင်တွင်း စီးပွားရေး လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။

“အခုအဖွဲ့တွေ လာမယ့်ဟာကတော့ ကျနော်တို့ ရန်ကုန်မှာကတော့ ဆီဒိုးနားမှာ မနက်ဖြန် မနက်ကို ရန်ကုန်မှာရှိတဲ့ လုပ်ငန်းရှင်တွေရော၊ ကျနော်တို့ရဲ့ ကုန်သွယ် စက်မှုအသင်းက တချို့ရော၊ အားလုံး မြန်မာနိုင်ငံမှာ ရှိတဲ့ စီးပွားရေး အခွင့်အလမ်းတွေ လုပ်ကိုင်နိုင်မယ့် အနေအထားတွေ၊ နောက် ဧည့်သည်တွေ သိချင်တဲ့ မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ သိသင့်သိထိုက်တဲ့ ဥပဒေပိုင်းဆိုင်ရာတွေ၊ အားလုံး ဆွေးနွေးကြမှာပေါ့။ အန်ကယ်တို့တင် မဟုတ်ပါဘူး။ ဌာနဆိုင်ရာက အဖွဲ့တွေလည်း လာကြပါမယ်။ ဌာနဆိုင်ရာကလည်း ကဏ္ဍအလိုက်တွေ ရှင်းပြပါမယ်။ ရှင်းပြပြီးတော့ ဆွေးနွေးကြမှာပါ။ (အမေရိကန်ဘက်က) ပါလာမယ့် အဖွဲ့တွေထဲမှာ Chevron ရယ်၊ Caterpillar ရယ်က ဥက္ကဋ္ဌတွေလည်း ပါမယ်လို့ သိရပါတယ်။”

အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ဟာ မနက်ဖြန် မနက် ၉ နာရီမှာ စီးပွားရေးလုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို နေ့လယ်ပိုင်းမှာတော့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် အဖွဲ့တွေနဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့လည်း ဦးဝင်းအောင်က ပြောပြပါတယ်။ ခုလို စက်မှုအင်အားကြီး နိုင်ငံတွေက စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက်တာကနေ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာဖို့ မျှော်လင့်ရတယ်လို့လည်း ဦးဝင်းအောင်က ပြောပြပါတယ်။

“သိတဲ့အတိုင်းပဲ အခုရက်တွေမှာ ပြင်သစ်က အဖွဲ့တွေလည်း လာတယ်။ ဗြိတိန်က အဖွဲ့တွေလည်း လာတယ်။ အခုတခါ ယူအက်စ်က အဖွဲ့တွေလည်း လာတယ်ဆိုတော့ အခွင့်အလမ်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြပြီဆိုရင် အန်ကယ်တို့ဆီက ဆိုရင်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်လာမှာပေါ့နော်။ နောက်တခါ နည်းပညာ အားသာချက်ရှိတဲ့ နိုင်ငံတွေကနေ လာရောက် ရင်းနှီးမြှုပ်နှံကြမယ်ဆိုရင်တော့ အန်ကယ်တို့ဆီက ထွက်ကုန်တွေ၊ အခုလက်ရှိ လောလောဆယ်မှာ ကုန်ကြမ်းအနေနဲ့ပဲ ထုတ်နေရတဲ့ ပစ္စည်းတွေကို ကုန်ချောအနေနဲ့ ထုတ်လုပ်ပြီးတော့မှ၊ နောက်တခါ ဈေးကွက်ထဲ ခိုင်မာပြီးသား ပုဂ္ဂိုလ်တွေ ရောက်လာမှာဖြစ်တဲ့အတွက် ဈေးကွက်ကိုလည်း ပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ရောင်းချနိုင်မယ် ဆိုလို့ရှိရင် အန်ကယ်တို့ တိုင်းပြည်အတွက် စီးပွားရေး ဝင်ငွေရလမ်းရော၊ ခုနက အခြေခံ ပုဂ္ဂိုလ်များ လုပ်သားများရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တိုးတက်လာမှာပေါ့လေ။”

မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင် ပြောပြခဲ့တာပါ။

၁၅ နှစ်နီးပါးအတွင်း အမေရိကန် စီးပွားရေး လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံနိုင်ဖို့ အမေရိကန်အစိုးရက ဗုဒ္ဓဟူးနေ့က ခွင့်ပြုလိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အမေရိကန် ဘဏ္ဍာရေးလုပ်ငန်းတွေ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်ကိုလည်း ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း လက်ရှိဖော်ဆောင်နေတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြု တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်က အရေးယူ ဒဏ်ခတ်မှုတွေကို ထပ်ပြီး လျှော့ပေါ့ပေးခဲ့တာ ဖြစ်တယ်လို့လည်း မနေ့ကပဲ ဖနွမ်းပင်မြို့မှာ ဝန်ကြီးကလင်တန်က ပြောကြားခဲ့တာပါ။

အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီရဲ့ အစီအစဉ်နဲ့ ရောက်လာမယ့် အမေရိကန် စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ စွမ်းအင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Robert Hormats၊ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ လက်ထောက် ဝန်ကြီး Francisco Sanchez နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း အရာရှိတွေလည်း ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ စီးပွားရေးအရ ထိတွေ့ဆက်ဆံမှုတွေ တိုးမြင့်ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို အားပေး ကူညီဖို့အတွက် အခုလို သွားရောက်မှာဖြစ်တယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

XS
SM
MD
LG