သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန်


ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန်
ဒေါ်စုကို ခြိမ်းခြောက်မှု အမေရိကန် ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အစိုးရ သတင်းစာတွေကနေ ခြိမ်းခြောက် ရေးသားနေတာတွေကို ထောက်ရင် မြန်မာအာဏာပိုင်တွေဟာ ဘာမှ ပြောင်းလဲမှုမရှိဘဲ နည်းဟောင်း လမ်းဟောင်းအတိုင်း ဆက်သွားနေတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီတုံ့ပြန်ချက်ကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာအစိုးရပိုင် သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် အင်မတန် စိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက တုံ့ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ပြီး အစိုးရသစ်တရပ် ပေါ်ထွက်လာတော့မယ့် အခင်းအကျင်းသစ် ပေါ်လာပြီ ဆိုကြပေမဲ့ တကယ်တော့ ဘာမှ ပြောင်းလဲတဲ့ လက္ခဏာ မတွေ့ရဘူးလို့လည်း အပြစ်တင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး ကတည်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နာမည်တပ်ပြီး ဝေဖန်တိုက်ခိုက်တာ ဒါ ပထမဆုံးလို့ ပြောရမှာပါ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ကို ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့ဟာ ဒီအတိုင်းဆိုရင် သမိုင်းရဲ့ ဂိတ်ဆုံးကို ဦးတည်သွားဖွယ် ရှိတယ်ဆိုပြီး ပြီးခဲ့တဲ့ စနေနေ့တုန်းက မြန်မာအစိုးရပိုင် သတင်းစာတွေမှာ သတိပေး ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်အတွက် စိုးရိမ်ကြောင်းနဲ့ သူမ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာ အဓိက တာဝန်ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကို နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးအန္တရာယ်နဲ့ လုံခြုံရေးအတွက် အဓိကအားဖြင့် စိုးရိမ်ပူပန်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံသား အားလုံးရဲ့ လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာ တာဝန်ဝတ္တရား ရှိပါတယ်။ မြန်မာပြည်သူတွေအတွက် ၂၂ နှစ်ကြာ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ မြန်မာအာဏာပိုင်တွေကို ဆက်လက်ပြီး တိုက်တွန်းပါတယ်။

“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပေးဖို့၊ ဒီကတဆင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပထမဆုံးအဆင့် အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စတင်ဖို့ ထပ်မံ တိုက်တွန်းပါတယ်။”

တကယ်တမ်းတော့ မြန်မာနိုင်ငံမှာ လွှတ်တော်တွေ ခေါ်ယူပြီး အစိုးရဖွဲ့မယ်၊ သမိုင်းသစ် စာမျက်နှာသစ်ကို စိုက်ထူလိုက်ပြီ၊ လူထုလိုချင်တဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီ ဆိုပြီး မြန်မာအစိုးရက သတင်းမီဒီယာတွေမှာရော အခြား နိုင်ငံတကာကိုပါ ပြောဆိုနေတဲ့အချိန် ဖြစ်ပါတယ်။ တလောက ဂျီနီဗာမှာလုပ်တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် ဦးထွန်းရှင်က နိုင်ငံတကာကို အခုလို ပြောခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ အပြုသဘောဆောင် တိုးတက်မှုတွေနဲ့ မှတ်တိုင်သစ် တခုကို စိုက်ထူလိုက်ပါပြီ၊ အခန်းကဏ္ဍသစ်ကို စတင်ပါပြီ၊ စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ နားလည်မှုရှိရှိ အားပေး တုံ့ပြန်တာမျိုး ဘာကြောင့် မလုပ်နိုင်တာပါလဲ။”

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လေက သူ့ရဲ့ Twitter အကောင့်ကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက် ရေးသားလာတာနဲ့ ပတ်သက်လို့ မနေ့က မှတ်ချက်ရေးခဲ့ပါတယ်။ မြန်မာအစိုးရဟာ ခေတ်သစ်ကို ရောက်ပြီလို့ ကြွေးကြော်နေပေမဲ့လည်း အရင်ပုံစံ၊ အရင်လုပ်ပုံ လုပ်နည်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်လာပါတယ်။ ဒါကြောင့် အခု အသစ်ပါလို့ ပြောနေတာဟာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲသစ်လွင်မှု မရှိပါဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာ ခရော်လေက မှတ်ချက်ရေးခဲ့ပါတယ်။

အစိုးရ သတင်းစာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံ ပျက်သုဉ်းရေးနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု အပါအဝင် ပိတ်ဆို့မှုများ ချမှတ်ရေး ကိုင်စွဲထားတာတွေကို စွန့်လွှတ်မယ်ဆိုရင် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့ ကြေညာခဲ့တဲ့အကြောင်း ပြန်လည် ဖော်ပြပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပိတ်ဆို့မှုတွေကို စိတ်အားထက်သန်စွာ တောင်းဆိုမှုတွေ လုပ်ခဲ့တယ်လို့ ဝေဖန် အပြစ်တင်ထားပါတယ်။

မြန်မာအစိုးရပိုင် သတင်းစာ ဆောင်းပါးတွေဟာ ရေးသူတဦးချင်းရဲ့ အမြင် ဆောင်းပါးတွေလို့ ဆိုပေမဲ့ အစိုးရရဲ့ မူဝါဒ၊ အစိုးရရဲ့ အာဘော်တွေကို ထင်ဟပ်လေ့ ရှိပါတယ်။

XS
SM
MD
LG