သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ


ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ
ဒေါ်စု လုံခြုံရေးအတွက် မြန်မာအစိုးရမှာ တာဝန်ရှိ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ထပ်မံ သတိပေးလိုက်ပါတယ်။ မြန်မာအစိုးရ သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်ဝေဖန် ရေးသားလာမှုတွေကြောင့် သူ့ရဲ့ လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် အစိုးရပိုင်းရော၊ လွှတ်တော်ဘက်ကပါ ပြောဆိုလာကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရပိုင် သတင်းစာတွေက ဝေဖန်တိုက်ခိုက် ရေးသားလာတဲ့ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဘေးကင်း လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်တဲ့အကြောင်း နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ မြန်မာအစိုးရ အပေါ်မှာ အဓိက တာဝန်ရှိတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမ အနီးအနားမှာရှိသူ အားလုံးကို အကာအကွယ်ပေးဖို့ ကိစ္စဟာ မြန်မာအစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။”

မြန်မာအာဏာပိုင်တွေ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားဝင် နိုင်ငံရေးပါတီ တရပ်အဖြစ် အသိအမှတ်ပြုဖို့ လိုသလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူနည်းစုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ဖို့ကိုလည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာသတင်းစာတွေက ဝေဖန်တိုက်ခိုက်တဲ့ အပေါ်မှာ နိုင်ငံခြားရေးဌာနက အခုလို စိုးရိမ်တဲ့အကြောင်း ထုတ်ပြန်သလို အမေရိကန် အထက်လွှတ်တော်ရဲ့ ကင်တာကီပြည်နယ် ဝါရင့် ရီပတ်ဘလီကန် ခေါင်းဆောင် မစ်ချ် မက်ကောနဲလ် (Mitch McConnell) ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂါနေ့ မနက်မှာ ဖုန်းနဲ့ စကားပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး တိုက်ခိုက် ခြိမ်းခြောက်တာမျိုးကို ဒီမိုကရေစီကမ္ဘာက ဝိုင်းဝန်း အပြစ်တင်ဖို့ လိုမယ်လို့ အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို မကြာခင်က ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အပေါ် ကျနော် အင်မတန် စိုးရိမ်မိပါတယ်။ ဒီလို ခြိမ်းခြောက်မှုမျိုးတွေဟာ ခံပြင်းစရာကောင်းပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ကမ္ဘာ့အသိုင်းအဝိုင်း အနေနဲ့ ဒီကိစ္စကို ဝေဖန် ရှုတ်ချသင့်ပါတယ်။ ဒါကြောင့်လည်း တခြား ကျနော့်ရောင်းရင်း အထက်လွှတ်တော် အမတ်တွေနဲ့အတူ မြန်မာနိုင်ငံ အခြေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး ကိစ္စတွေကို အနီးကပ် စောင့်ကြည့်သွားမှာပါ။”

မြန်မာနိုင်ငံအပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထုတ်ပြန်တဲ့ အပေါ်မှာ စနေနေ့ အစိုးရ သတင်းစာတွေကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝေဖန် ရေးသားခဲ့ပါတယ်။ ဒီသဘောထားတွေ အတိုင်းဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ သမိုင်းနိဂုံးကို ဦးတည်နေပြီ ဆိုပြီး သတိပေး ရေးသားထားပါတယ်။ ဒါဟာ ခြိမ်းခြောက်မှုတရပ် ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က ယူဆပုံ ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက မြန်မာအစိုးရ သတင်းစာတွေမှာ ဆက်တိုက် ဝေဖန်တိုက်ခိုက် ရေးသားလာပြီးနောက် အထက်မြန်မာပြည် ခရီးစဉ်အတွင်း ဒီပဲယင်း အနီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အစိုးရ လိုလားသူတွေက ညပိုင်းမှာ အကြမ်းဖက် တိုက်ခိုက်ခဲ့ကြပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေ ရှိကြပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကတော့ သီသီလေး လွတ်မြောက်နိုင်ခဲ့ပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှု အပေါ်မှာ မြန်မာစစ်အစိုးရဘက်က လက်သည် မဖော်နိုင်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ကျယ်ချုပ် ထားလိုက်တာနဲ့ပဲ အဲဒီတုန်းက အဲဒီပြဿနာကို အဆုံးသတ်ခဲ့ပါတယ်။

XS
SM
MD
LG