သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားနဲ့ စစ်ရေးအဆြက်ဖတ်ဖို့ ကန်ဝန်ကြီးပြော


ကာကွယ်ရေး ဝန်ကြီးများ DMM-PLUS အစည်းအဝေးပွဲ၊ ဘရုူနိုင်း၊ (သြဂုတ် ၂၉၊ ၂၀၁၃။)
ကာကွယ်ရေး ဝန်ကြီးများ DMM-PLUS အစည်းအဝေးပွဲ၊ ဘရုူနိုင်း၊ (သြဂုတ် ၂၉၊ ၂၀၁၃။)
အမေရိကန် ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ ကာကွယ်ရေး ဝန်ကြီးတို့ နှစ်ဦး ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် သီးခြား တွေ့ဆုံခဲ့ကြပါတယ်။ ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါ ဆရီ ဘဂါဝမ်မြို့တော်မှာ ကျင်းပနေတဲ့ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေနဲ့ သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးတွေရဲ့ ADMM-PLUS အစည်းအဝေးပွဲပြင်ပ မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ် (Chuck Hagel) နဲ့ မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်တို့ သြဂုတ်လ ၂၈ ရက် ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက ခဏတာ တွေ့ဆုံခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌတာဝန် ရယူမယ့်အပေါ် သူ့အနေနဲ့ ထောက်ခံတဲ့အကြောင်းနဲ့ နောက်နှစ်မှာ ကျင်းပမယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေ အတွက် ပြင်ဆင် လုပ်ဆောင်တာတွေမှာ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပံ့ပိုးကူညီသွားဖို့ မျှော်လင့်ထားကြောင်း မစ္စတာဟေဂဲလ်က ဒုဗိုလ်ချုပ်ကြီးဝေလွင်ကို ပြောခဲ့တယ် လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းမှာ ဖော်ပြထားပါတယ်။

အခုလို နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးအကြား သီးခြားတွေ့ဆုံတာမျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း မရှိခဲ့ဖူး ဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုတွေ့ဆုံမှုဟာ ပြောင်းလဲမှု တွေရဲ့လက္ခဏာတစ်ခုဖြစ်ပြီး အိုဘားမားအစိုးရရဲ့ အင်မတန် အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုဖြစ်သလို မြန်မာနိုင်ငံ မှာ ဖော်ဆောင်နေတဲ့ အပြောင်းအလဲတွေနဲ့ လူ့အခွင့်အရေးပိုင်း တိုးတက်မှုတွေကို အသိအမှတ်ပြုတာလည်းဖြစ်တယ်လို့ အဲဒီ အကြီးတန်းတာဝန်ရှိသူက ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေမှာ တိုးတက်မှုတွေ ဆက်ပြီးရသွားဖို့ အရေးကြီးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုတွေကို ဖြတ်တောက်ဖို့ အရေးကြီးတယ်ဆိုတာတွေကို မစ္စတာဟေဂဲလ်က ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကို ပြောခဲ့တယ်လို့လည်း ပန်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျော့ဂျ် လစ်တဲလ် (George Little) ကပြောပါ တယ်။

အစိုးရရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို မြန်မာ စစ်ဘက်က ထောက်ခံအားပေးတဲ့အပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချပ်က် ဟေဂဲလ်က ချီးကျူးပြောဆိုသလို ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်သွားဖို့ကိုလည်း အားပေး တိုက်တွန်းခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန် ကာကွယ်ရေးဌာန အပြည်ပြည်ဆိုင်ရာ ဥပဒေလေ့လာရေး အင်စတီကျူ (DIILS) နဲ့ မြန်မာ့ တပ်မတော်တို့ ပူးတွဲပြီး ဥပဒေရေးရာဆွေးနွေးပွဲတစ်ခုကို သြဂုတ်လ ၂၈ ရက်နေ့ကစပြီး နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရေတပ်က ရေတပ် ဗိုလ်မှူးကြီး Captain ရောဘတ်တ် ဆန်းဒါးစ် (Robert Sanders) က ဦးဆောင်ပြီး စစ်ဘက်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဥပဒေစံနှုန်းတွေ၊ လုပ်ထုံး လုပ်နည်းတွေကို ဆွေးနွေးခဲ့ကြပြီးတော့ မြန်မာစစ်ဘက်က အရာရှိ ၂၀ တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာတွေထဲမှာ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာဥပဒေ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေ၊ စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စစ်ဌာနချုပ်ရဲ့ တာဝန်ဝတ္တရား စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။
XS
SM
MD
LG