သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးတိုက်ဖျက်ရေး နယ်မြေမအေးချမ်းသေးလို့ မထိရောက်


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ၂၂ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်တဲ့အကြောင်း အမေရိကန်သမ္မတ အိုဘားမားက နိုင်ငံခြားဆက်ဆံရေး ခွင့်ပြုမိန့် ချမှတ်ရေးဆိုင်ရာ အက်ဥပဒေ (FRAA) မှာ ထည့်သွင်း သတ်မှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့အနေနဲ့ ဘိန်းနဲ့ မူးယစ်ဆေးဝါး ပပျောက်ရေးကို အရှိန်မလျှော့ဘဲ တိုးမြှင့် ဆောင်ရွက်နေပါတယ်လို့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ်တဦးက ဒီကနေ့မှာ ပြန်လည် တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

ဘိန်းစိုက်ဒေသနဲ့ စိတ်ကြွဆေး ထုတ်လုပ်ရာနယ်မြေတွေမှာ မငြိမ်းချမ်းသေးတာကြောင့်လည်း ထိထိရောက်ရောက် မထိန်းချုပ်နိုင်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို သိသိသာသာ ထိခိုက်မှုရှိစေတဲ့ ကမ္ဘာပေါ်က အဓိက ဘိန်းထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ တဆင့် ဖြန့်ချိတဲ့ နိုင်ငံတွေရဲ့စာရင်းကို သမ္မတကသတ်မှတ်ပြီး လွှတ်တော်ကို နှစ်စဉ် တင်သွင်းတဲ့ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ သမ္မတအိုဘားမားက မနေ့က သတ်မှတ်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်တာပါ။

အဲဒီထဲက မြန်မာ၊ Bolivia နဲ့ Venezuela နိုင်ငံတို့ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးတိုက်ဖျက်မှု သဘောတူစာချုပ်မှာပါတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ လုံလောက်တဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ပျက်ကွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်ဝင်း ကတော့ မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေးတွေကို လက်ရှိအချိန်မှာ တပ်မတော်နဲ့ပါ ပူးပေါင်းပြီး နှိမ်နင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အခုတော့ ကျနော်တို့ ဘာလုပ်လဲဆိုတော့ တပ်မတော်နဲ့လည်း ကျနော်တို့ သတင်းတွေ တည်ဆောက်တယ်။ အမာခံသတင်းတွေ တည်ဆောက်တယ်။ ပြီးရင် တပ်မတော်နဲ့ ပူးပေါင်းတယ်။ ကျနော်တို့အင်အားနဲ့ တချို့နယ်မြေတွေ ဟိုဟာပေါ့လေ ကျနော်တို့ လက်နက်အင်အားတို့၊ လမ်းပန်းဆက်သွယ်ရေးအင်အားတို့ ကျနော်တို့အနေအထားနဲ့ မနိုင်လို့ရှိရင် တပ်မတော်နဲ့ အတူတကွ ပူးပေါင်းပြီးတော့ အဲ့ဒီနေရာတွေကို ရောက်အောင် ကျနော်တို့သွားတယ် အဲ့ဒီနေရာတွေကို အခုလောလောဆယ် အနေအထားကတော့။”

နှစ်စဉ်နှစ်တိုင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ဖမ်းဆီးရမိနေပေမဲ့ တဘက်မှာ အထွက်နှုန်းတွေ သိသိသာသာတိုးလာတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို အခက်အခဲတွေ အဓိက ရင်ဆိုင်နေရသလဲ ဆိုတာနဲ့ပတ်သက်ပြီး သူက အခုလို ဆက်ပြောပါတယ်။

“အခက်အခဲဆိုတာက ဘာလဲဆိုတော့ ကျူးလွန်တဲ့သူက စနစ်တကျ ကျူးလွန်တာပေါ့ ဟုတ်လား။ အရင်းအနှီး နည်းနည်းလေးနဲ့ သူက ဝင်ငွေတွေ အများကြီးရတယ်။ အဲတော့ ဒီဘက်ခေတ်မှာ ခေတ်က တိုးတက်လာတော့ ကျူးလွန်တဲ့သူဘက်ကလည်း ကျူးလွန်မှုနည်းလမ်းတွေဟာ သူ့ဘက်မှာ အခွင့်သာတာပေါ့။ အဲတော့ ကျူးလွန်တဲ့သူက ဘယ်အချိန်ပဲ ကျူးလွန်ကျူးလွန် ကျူးလွန်လို့ရတယ်။ ဥပမာ - ကျနော်တို့ မစိုးမိုးနိုင်တဲ့ နေရာတွေရှိမယ်။ ကျနော်တို့ လက်လှမ်းမမီတဲ့နေရာတွေ ခုနကလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာမျိုးတွေ ရှိမယ်။ သူတို့က အေးအေးဆေးဆေး ဖြတ်သန်းလို့ရတယ်။”

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ ဘိန်းထုတ်လုပ်မှုနဲ့ ထွက်ရှိမှု အများဆုံး ဒေသ ၂ ခုကတော့ ရှမ်းပြည်နယ်က ပထမဖြစ်ပြီးတော့ ကချင်ပြည်နယ်က ဒုတိယနေရာမှာ ရှိနေတယ်လို့ ရဲမှူးချုပ်က ပြောပါတယ်။ ဒီဒေသတွေမှာ အခုလို ဘိန်းအထွက်နှုန်းတွေ မြင့်နေတာဟာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ အနေအထားတွေကြောင့်လို့ ရှမ်းပြည်နယ် သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း က ပြောပါတယ်။

“ဒီဒေသတွေမှာက အခုထိကို လက်နက်ကိုင်တိုက်ပွဲတွေက ဖြစ်နေသေးတဲ့အတွက်ကြောင့်မို့ အဲ့ဒီလက်နက်ကိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရမှ သို့တည်းမဟုတ် လုံးဝကို ငြိမ်းချမ်းသွားမှသာလျှင် ဒါတွေက ပိုပြီးတော့ အောင်အောင်မြင်မြင်နဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ မြင်ပါတယ်။”

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် တောင်သူတွေအနေနဲ့ ထွက်ရှိတဲ့ သီးနှံတွေမှာ စီပွားရေးအရ တွက်ခြေမကိုက်တဲ့ အချက်ကလည်း ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းအထွက်တိုးရတဲ့ အကြောင်းအရင်း တချက်ဖြစ်တယ်လို့ ရှမ်းပြည်နယ် လွိုင်လင်ဒေသခံတဦးဖြစ်တဲ့ ကိုစိုင်းထွန်းက အခုလို ဖွင့်ဟပါတယ်။

“အဓိကကတော့ဗျာ ဒေသခံတွေအနေနဲ့ကတော့ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးတယ်။ နောက်တခုက ဥပမာ ရှမ်းပြည်လိုနေရာမျိုးမှာဆိုရင် ဘယ်လို သီးနှံမျိုးပဲစိုက်စိုက် ပေါက်တယ်။ ဒါပေမဲ့ ပြဿနာက လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ သီးနှံဈေးကွက်နဲ့ဝေးတယ်။ အဲတော့ တောင်သူတွေက ရှုံးတယ်ပေါ့ဗျာ။ သူတို့ဟာသူတို့ ဘာသီးနှံပဲစိုက်စိုက် အဲတော့ နည်းနည်း အကြမ်းလည်းခံတယ်၊ ဘာလဲဖြစ်တယ်ဆိုတဲ့ ဟို မျိုးမျိုးမြတ်မြတ်လည်း ပိုရတဲ့ ဘိန်းကို စိုက်ပျိုးဖို့ ဖြစ်နေတယ်။ အခုဆိုရင် ဘယ်လောက်အထိ များနေသလဲဆိုတော့ အရင်တုန်းကဆိုရင် ပုံမှန်ရာသီလောက်ကိုပဲ စိုက်ကြတယ်ပေါ့။ အခုဆိုရင် ကျနော်ကြားတာတော့ နှစ်သီးသုံးသီးထိကို စိုက်နေကြတယ်လို့ ကြားတယ်။”

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူစာချုပ်မှာပါတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ နိုင်ငံတွေအနေနဲ့ ပျက်ကွက်တယ်လို့ သတ်မှတ်ခံရတယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခံလာရနိုင်ပါတယ်။ ဒါပေမဲ့ အက်ဥပဒေ FRAA ပြဌာန်းချက်တွေအရတော့ မြန်မာနဲ့ Venezuela နိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေဟာ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ဆက်ပြီးတော့ အရေးပါနေတာကြောင့် မြန်မာနဲ့ Venezuela နိုင်ငံတွေကို ဒဏ်ခတ်အရေးယူမှုတွေ မလုပ်ဘဲ ကင်းလွတ်ခွင့် ပေးနိုင်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန်သမ္မတက အခုနှစ်အတွင်း ကမ္ဘာပေါ်က အဓိက ဘိန်းထုတ်လုပ်တဲ့ နိုင်ငံတွေနဲ့ တဆင့်ခံ ဖြန့်ချိတဲ့နိုင်ငံတွေလို့ သတ်မှတ်လိုက်တဲ့ နိုင်ငံတွေထဲမှာ အာရှက မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ လာအိုနိုင်ငံတွေဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေက လက်တင် အမေရိကတိုက်က ဖြစ်တာကို တွေ့ရသလို၊ UNODC ကုလသမဂ္ဂ မူးယစ်ဆေးတိုက်ဖျက်ရေး အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ စိတ်ကြွဆေး အများဆုံး ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး၊ ဒုတိယ ဘိန်းအများဆုံး ထုတ်လုပ်တဲ့နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

XS
SM
MD
LG