သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ငွေချေးနိုင်ဖို့ မြန်မာကို အမေရိကန် ကူညီမည်


မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး ရှိနေမယ်ဆိုရင် ကမ္ဘာ့ဘဏ်အပါအဝင် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ပုံမှန်အတိုင်း ဖြစ်လာစေဖို့ ထောက်ခံ ကူညီသွားမယ်လို့ အမေရိကန်ပြည်ထောင်စု က ပြောလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နဲ့ မြန်မာနိုင်ငံအကြား ဆက်စပ်မှု လုပ်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စု အနေနဲ့ကလည်း မြန်မာနိုင်ငံကို ဒီအဖွဲ့အစည်းတွေ ပုံမှန် ငွေချေးငှားမှုတွေ ဖြစ်လာစေဖို့ အကူအညီ ပေးသွားမယ်လို့ ပြောသွားတာပါ။

“အခု လက်ရှိ သွားနေတဲ့ ပြုပြင် ပြောင်းလဲရေးတွေဟာ အားရကျေနပ်စရာပါ၊ ဒါပေမဲ့ အခုလို ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့ ပါဝင်လာခြင်းအားဖြင့် ဒီ ပြုပြင်ပြောင်းလဲမှုတွေ ခိုင်မာစေဖို့ အထောက်အကူ ဖြစ်စေပြီး၊ မြန်မာပြည်သူတွေကို ကူညီသွားနိုင်မှာပါ။”

အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန ဒု လက်ထောက် ဝန်ကြီး Lael Brainard က ပြောသွားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမား ကိုယ်တိုင်ကလည်း အခုလို နိုင်ငံတကာ ငွေကြေးအဖွဲ့တွေ မြန်မာနိုင်ငံကို အကူအညီပေးနိုင်မယ့် အခြေအနေဖြစ်အောင် အရေးကြီးတဲ့ ဥပဒေတရပ်ကိုလည်း လက်မှတ်ထိုး အတည်ပြုပေးခဲ့ပြီးပြီလို့ ဒု လက်ထောက် ဘဏ္ဍာရေးဝန်ကြီး Brianard က ပြောပါတယ်။

တချိန်တည်းမှာ မြန်မာအနေနဲ့ နိုင်ငံတကာမှာ တင်ရှိနေတဲ့ ကြွေးမြီ လျှော်ပေးရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးနေကြပြီး၊ ဒီကိစ္စအတွက် အမေရိကန်ပြည်ထောင်စု ဘက်က အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။

တိုကျိုမှာ လုပ်နေတဲ့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် အစည်းအဝေး အတွင်းမှာပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ငွေကြေးထောက်ပံ့မှု အကူအညီ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ သူတို့အနေနဲ့ ကတော့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေ အပေါ် အားရမိတယ်လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim က တိုကျို သတင်းစာရှင်းလင်းပွဲမှာ မြန်မာနဲ့ပတ်သက်လို့ ထည့်သွင်းပြောသွားပါတယ်။

“လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ အပေါ်မှာ အတော်လေး အထင်ကြီး လေးစားရပါတယ်။ ဒါပေမဲ့ ဆက်ပြီး လုပ်စရာ ကိုင်စရာတွေ ကျန်ပါသေးတယ်။ လက်ရှိအစိုးရကို ကျနော်တို့ လိုလိုလားလား ထောက်ခံပါတယ်။ အထူးသဖြင့် နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ထောက်ခံ ကူညီသွားမှာ ဖြစ်ပါတယ်။”

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံ အတွက် ပြန်လည် တည်ဆောက်ရေး အမေရိကန်ဒေါ်လာ ၃၉၇ သန်း ချေးငွေ ပေးသွားမယ်လို့ ပြီးခဲ့တဲ့လက သဘောတူထားပြီးပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ ကမ္ဘာ့ဘဏ်ရုံးခွဲ ဖွင့်သွားဖို့လည်း စီစဉ်နေပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့ ၁၉၈၇ ခုနှစ် ကတည်းက မြန်မာနိုင်ငံကို ချေးငွေထောက်ပံ့မှု ရပ်တန့်ခဲ့ပြီးမှ အခု ပထမဆုံး အကြိမ် ချေးငွေတွေ ပြန်လည်ပေးတော့မှာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ ဂျပန်နိုင်ငံကလည်း မြန်မာက ရှိနေတဲ့ ကြွေးမြီအချို့ လျှော်ပေး သလို၊ နိုင်ငံတကာမှာ တင်ရှိနေတဲ့ ကြွေးမြီတွေ ပြန်ဆပ်နိုင်ဖို့ အတွက်လည်း ယာယီ ငွေ ထုတ်ချေးသွားဖို့လည်း စီစဉ်နေတယ်လို့ ကြေညာထားပါတယ်။
XS
SM
MD
LG