သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-မြန်မာ လူ့အခွင့်အရေး ပထမအကြိမ် ဆွေးနွေး


ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (Michael Posner)
ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး (Michael Posner)
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အမေရိကန်နဲ့မြန်မာ လူ့အခွင့်အရေးကိစ္စ အချေအတင် ဆွေးနွေး မှုတွေ လုပ်ဖို့အတွက် ဒီမိုကရေစီ လူ့အခွင့်အရေး နဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာ (Michael Posner) ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံဆီ ဒီသီတင်းပတ်ထဲမှာပဲ ရောက်ရှိနေ ပါတယ်။ မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေး ဆွေးနွေးမှုတွေမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ထိပ်တန်း အရာရှိတွေလည်း ပထမဆုံးအကြိမ် ပါဝင်လာတဲ့ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ဘယ် လောက်များ အရေးပါ ပါသလဲ။ ဒီခရီးစဉ်အတွင်း ဘယ်သူတွေနဲ့ တွေ့ပြီး ဘာတွေ အဓိက ဆွေးနွေးကြမှာပါလဲ။ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြပေးထားပါတယ်။

မြန်မာနဲ့ အမေရိကန်အစိုးရအကြား မြန်မာနိုင်ငံထဲမှာ ပထမဆုံးအကြိမ်း လူ့အခွင့်အရေး ကိစ္စတွေကို အချေအတင် ဆွေးနွေးကြဖို့အတွက် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာက ဦးဆောင်ပြီး သမ္မတအိမ်ဖြူတော်နဲ့ ဒု သမ္မတ ရုံးတွေက အကြီးတန်း အရာရှိတွေ၊ အမျိုးသား လုံခြုံရေးဌာန၊ အမိမြေလုံခြုံရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန် အကူအညီပေးရေးအဖွဲ့ USAID စတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ အပြင် အမေရိကန် ကာကွယ်ရေးဌာနက ထိပ်တန်း အရာရှိ တချို့လည်း အခု ခရီးစဉ်မှာ လိုက်ပါ လာခဲ့တာ ဖြစ်ပါတယ်။ အခု ရောက်ရှိလာတဲ့ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာနိုင်ငံ အစိုးရဘက်က တာဝန်ရှိသူတွေနဲ့ ဆက်တိုက် တွေ့ဆုံမှုတွေ လုပ်သွားမှာဖြစ်သလို တရားဥပဒေ စိုးမိုးမှု ကစလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စတွေ၊ သတင်းနဲ့ ဘာသာရေး လွတ်လပ်ခွင့်၊ နိုင်ငံရေး အကျဉ်းသား စတဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ အများအပြား ကို ဆွေးနွေးကြလိမ့်မယ်လို့ ရန်ကုန် အမေရိကန် သံရုံး ပြောခွင့်ရသူ မိုက်ကယ်ကွင်းလန်း (Michael Quinlan) က ပြောပါတယ်။

“ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံမှာ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ရောက်နေပါတယ်။ ဒါ ဟာ နှစ်နိုင်ငံကြား ပထမဆုံးအကြိမ် လူ့အခွင့်အရေးဆွေးနွေးပွဲ အချေအတင် ကျင်းပဖို့ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံနဲ့က ပထမဆုံးအကြိမ် ကျင်းပတာဖြစ်တဲ့ ဒီ ဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်လ် ပေါ်စနာပါ။ အဲဒီအဖွဲ့မှာ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အစိုးရ အရာရှိတွေ၊ ဒုတိယသမ္မတရုံးကအပြင် အမျိုးသားလုံခြုံရေးဌာန (USAID) နဲ့ ကာကွယ်ရေးဌာနက ထိပ်တန်းအရာရှိတွေ ပါဝင်ပါတယ်။”

မြန်မာနဲ့ အမေရိကန်နိုင်ငံကြား လူ့အခွင့်ဆိုင်ရာ ကိစ္စတွေကို မြန်မာနိုင်ငံထဲမှာ ပထမဆုံး အကြိမ် အချေအတင် ဆွေးနွေးကြမယ့် ဒီခရီးစဉ် တွင်းမှာ အမေရိကန် စစ်ဘက်က ထိပ်တန်း အရာရှိ တချို့လည်း ပါဝင်ပါတယ်။ အရှေ့အာရှရေးရာ အမေရိကန် ဒုလက်ထောက် ကာကွယ်ရေး ဝန်ကြီး Vikram Singh နဲ့ အမေရိကန်စစ်တပ်ရဲ့ ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Francis Wiercinski တို့ ဒီခရီးစဉ်အတွင်း ပါဝင်မှာ ဖြစ်ပေမဲ့လို့ ဒါဟာ အမေရိကန်နဲ့ မြန်မာ စစ်ဘက် ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးကြဖို့တော့ မဟုတ်ဘူးလို့ မိုက်ကယ် ကွင်းလန်းက ပြောပါတယ်။

“ဒီ နှစ်နိုင်ငံကြား အချေအတင် ဆွေးနွေးမှုမှာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်အတော် များများကို ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဌာနပေါင်းစုံပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့အနေနဲ့ ကိစ္စရပ် အတော်များများကို ဆွေးနွေးမှာပါ။ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့သက်သက်တော့ မဟုတ်ပါဘူး။”

ခုလို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အမေရိကန် နဲ့ မြန်မာ လူ့အခွင့်အရေး အချေအတင် ဆွေးနွေး မှုတွေ လုပ်တာဟာ အမေရိကန်နဲ့ မြန်မာအကြား ဆက်ဆံရေး ရှေ့တိုး ဆောင်ရွက်မှုတွေကို ပြသနေ တာဖြစ်သလို နှစ်နိုင်ငံ ဆက်ဆံရေး အတွက် အရေးပါတဲ့ ခရီးစဉ်တရပ် ဖြစ်တယ်လို့လည်း မိုက်ကယ် ကွင်းလန်းက ပြောပါတယ်။

“ဒီဆွေးနွေးပွဲဟာ မြန်မာအစိုးရနဲ့ ဆက်လက်ဆွေးနွေးမှုတွေလုပ်နေတယ်ဆိုတာကို သက်သေပြပါ တယ်။ လူ့အခွင့်အရေးကို ထောက်ခံအားပေးတာမှာ အမေရိကန်ပြည်ထောင်စုက ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း ထင်ဟပ်ပေါ်လွင်စေပါတယ်။ အစိုးရဌာနပေါင်းစုံ ပါဝင်တဲ့ ချဉ်းကပ်နည်းပါ။ သက်ဆိုင်ရာ ဌာနအသီးသီးပါဝင်တဲ့ ဒီ အချေအတင်ဆွေးနွေးမှုမျိုးကို ကျနော်တို့ ကမ္ဘာတဝှန်း တခြားနိုင်ငံတွေမှာလည်း လုပ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒါ ပထမဆုံးအကြိမ် ကျင်းပတဲ့ နှစ်နိုင်ငံ အကြား လူ့အခွင့်အရေး ဆွေးနွေးမှု ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးကို ထောက်ခံအားပေးနေတယ်ဆိုတာကိုလည်း သက်သေပြရာရောက်တဲ့အတွက် အခုလို ပထမဆုံးအကြိမ် ကျင်းပနိုင်တာကို ကြိုဆိုပါတယ်။”

အမေရိကန်နဲ့ မြန်မာအစိုးရထိပ်တန်း တာဝန်ရှိသူတွေအကြား ပထမဆုံးအကြိမ် ပြုလုပ်တဲ့ အခု လူ့အခွင့်အရေး ဆွေးနွေးပွဲဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက် ထောက်ခံ အားပေးသွားဖို့ ရည်ရွယ်တယ်လို့လည်း မိုက်ကယ် ကွင်းလန်းက ပြောပါတယ်။

တချိန်တည်းမှာပဲ အာရှ ၅ နိုင်ငံ ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး William Burns ဟာလည်း ဒီသီတင်းပတ် အတွင်းမှာပဲ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အောက်တို ဘာလ ၁၈ ရက်နေ့မှာ မစ္စတာ ဘန်းစ်ရဲ့ ခရီးစဉ်အတွင်းမှာတော့ မြန်မာ သမ္မတ ဦးသိန်းစိန် အပါအဝင် မြန်မာအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့တွေ့ဆုံဖို့ ရှိသလို မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်က ကြေညာချက် ထုတ်ပြန် ထားပါတယ်။

မြန်မာနိုင်ငံတွင်း မကြာသေးခင်ကစလို့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ အသိအမှတ်ပြုတဲ့ အနေနဲ့ရော၊ ဒီ ပြောင်းလဲမှုတွေ ရှေ့ဆက်တိုး ဆောင်ရွက်ဖို့ အားပေးတဲ့အနေနဲ့ပါ အမေရိကန် က မြန်မာအပေါ် ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးခဲ့သလို ခုလို အဆင့်မြင့် အရာရှိတွေရဲ့ ခရီးစဉ်တွေလည်း ဆက်တိုက်ဆိုသလို ရှိလာခဲ့တာပါ။ ဒါပေမဲ့လည်း တိုင်းရင်းသား ဒေသတချို့မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အခြေအနေတွေကို ရပ်ဆိုင်းဖို့နဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့၊ နောက် အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စတဲ့ ကိစ္စတွေပါ ဆောင် ရွက်ပြီး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ခိုင်မာအောင် လုပ်ဖို့ကိုလည်း အမေရိကန် အစိုးရက မြန်မာကို တိုက်တွန်းပြောဆိုနေတာ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG