သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် မြန်မာ စီးပွားရေးရာ ဆွေးနွေးပွဲစတင်


Myanmar Investment Outreach (ဓာတ်ပုံ-ကိုခင်အောင်ထွန်း)
Myanmar Investment Outreach (ဓာတ်ပုံ-ကိုခင်အောင်ထွန်း)

အာရှတိုက်ရဲ့ နောက်ဆုံးစီးပွားရေး ရှေ့တန်းစခန်း “Myanmar: Asia’s Last Frontier” အမည်နဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း နယ်ပယ်တွေမှာ အမေရိကန်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဆွေးနွေးဖလှယ်ကြတဲ့ ပွဲတပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ နယူးယောက်မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။

အခုအခါ မြန်မာအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတွေ မြန်မာစီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၇၀ ကျော်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာလည်း နယူးယောက်မြို့ကို ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့ထဲက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဌနဲ့ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီး ဦးဌေးအောင်နဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးမိုးမြင့်တို့ကို နယူးယောက်မြို့ကို ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ဦးရော်နီညိမ်းက အမေရိကန်တွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံနိုင်ချေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာတော့ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က အခုလို စတင်ပြောကြားခဲ့ပါတယ်။

“များသောအားဖြင့်တော့ ကျနော်တို့နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ တိုးတက်လာတာက အရှေ့အာရှနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက တော်တော်များများ ဝင်ရောက်လာပြီဖြစ်ပါတယ်။ အလားတူပဲ ဥရောပဘက်ကလည်း ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ တော်တော်များများ ဝင်ရောက်လာပါတယ်။ သို့သော်လည်းပဲ ကျနော်တို့ အမေရိကန်နိုင်ငံရဲ့ ကုမ္ပဏီကြီးများ၊ စီးပွားရေးအဖွဲ့အစည်းကြီးများ အနေနဲ့ကတော့ အခုအချိန်ထိ ရင်းနှီးမြှုပ်နှံမှု ပမာဏ တခြားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ နည်းပါးသေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော်တို့နဲ့ ဒီထက် ပိုမိုပြီးတော့ ဆောင်ရွက်နိုင်အောင် ကျနော်တို့ နိုင်ငံမှာ ဆောင်ရွက်နေတဲ့ အခြေအနေတွေ အားလုံးကို သိရှိရအောင်ပေါ့လေ ကျနော်တို့ စတင်ပြီး ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ၊ အလားတူ ဒီအုပ်ချုပ်မှုနဲ့ social ပြုပြင်ပြောင်းလဲမှုတွေ၊ ဒါတွေအားလုံးရဲ့ အပေါ်မှာ ချပြပြီးတော့ နိုင်ငံပေါ်မှာ ရဲရဲတင်းတင်းပေါ့ ယုံယုံကြည်ကြည်နဲ့ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်အောင်လို့ ဆိုပြီးတော့ ဒီအခြေအနေတွေ အားလုံးကို ဒါ ဆောင်ရွက်ဖို့ လာခဲ့တာဖြစ်ပါတယ်။ ဒီလို ရှင်းပြလိုက်လို့ရှိရင်တော့ ကျနော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကို ရဲရဲတင်းတင်း ဆောင်ရွက်လာနိုင်ရင် အမေရိကန်နိုင်ငံနဲ့အတူ သူ့ရဲ့နောက်က ပါဝင်လာမယ့် ကုမ္ပဏီအုပ်စုကြီးတွေပေါ့လေ ကုမ္ပဏီအုပ်စုကြီးတွေက ပါဝင်လာတယ်ဆိုရင်တော့ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အင်မတန် တိုးတက်လာမှာဖြစ်တယ်။ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အင်မတန် ထိရောက်တဲ့ အခြေအနေကနေပြီးတော့ အထောက်အကူ ဖြစ်မယ်လို့ ကျနော်တို့ ယူဆပါတယ်။”

မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကလည်း ကမ္ဘာလှည့်ခရီးသည်တွေ မြန်မာနိုင်ငံကို လာရောက်မှု တနေ့တခြား များပြားလာပြီးတော့ အမေရိကန် ကမ္ဘာလှည့်ခရီးသည်တွေရဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုကို အခုလို ရှင်းပြပါတယ်။

“ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာတဲ့အတွက် နဂိုကတည်းကိုက မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ လူတွေဟာ အများကြီး လာချင်တဲ့ဆန္ဒတွေ ပေါ်လာတယ်။ တကယ်လည်း လာကြတယ်။ လာကြတဲ့အခါကျတော့ ကိန်းဂဏန်းတွေ ကြည့်မယ်ဆိုရင် ကျနော်တို့ ယခင်က ၈ သိန်းလောက်ပဲရှိတာ၊ အခု ပြီးခဲ့တဲ့ နှစ်ထဲကဆိုရင် ၂ သန်းကျော်ဖြစ်လာတယ်။ အခု ဒီနှစ်မှာဆိုရင် ၃ သန်းဖြစ်ဖို့ အနေအထားတွေ အများကြီး ရှိလာတယ်။ သြဂုတ်အကုန်အထိကို ကျနော်တို့ ၁ သန်းနဲ့ ၈ သိန်းလောက် ရလာတယ်။ စက်တင်ဘာမှာလည်း ကျနော်တို့ E Visa ကို စပြီးတော့ လှုပ်ရှားနေတယ်။ အဲတော့ ဒီလိုလုပ်လာတဲ့အခါမှာ ရပ်ဝေးကလာတဲ့ နိုင်ငံတွေကို ကြည့်လိုက်ရင် ဒီအမေရိကန်ပြည်ထောင်စုက လာတဲ့ အမေရိကန်နိုင်ငံသားတွေဟာ arrival မှာ အများဆုံးဖြစ်နေတယ်။ ထိုနည်းလည်းကောင်းပဲ E Visa စပြီးဖွင့်လိုက်တဲ့အချိန်မှာလည်း E Visa လျှောက်ပြီးဝင်လာတဲ့ ဧည့်သည်တွေထဲမှာ အမေရိကန်က အများဆုံးဖြစ်လာတယ်။ အဲတော့ အမေရိကန်ဟာ တော်တော်ကို ကျနော်တို့ နိုင်ငံအပေါ်မှာ စိတ်ဝင်စားပြီးတော့ လာပြီးတော့ လည်ချင်တယ်၊ လေ့လာချင်တယ်၊ ကျနော်တို့ရဲ့ အနေအထားတွေကို ကြည့်ချင်တယ် စသဖြင့် ဒီလိုကြောင့် တိုးတက်လာတဲ့အချိန်မှာ ဒီ awareness ကို ကျနော်တို့ လုပ်ရမှာဖြစ်တယ်။ ကျနော်တို့တွေ ပေါင်းပြီးတော့ မြှင့်တင်ကြော်ငြာမှုလေးတွေ လုပ်လိုက်လို့ရှိရင် ပိုပြီး လာကြမှာပဲ။ Tourism အတွက်တော့ ကျနော်တို့က အင်မတန်မှကောင်းတဲ့ လှုပ်ရှားမှုတခုလို့ ကျနော်တို့ မြင်ပါတယ်။ Tourism ကောင်းရင် ကျန်တဲ့ အစိတ်အပိုင်းတွေလည်း ကောင်းလာမှာပဲ။”

ဒီကနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံမှာ အမေရိကန် လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဆွေးနွေး နှီးနှောဖလှယ်ကြတဲ့ပွဲကို လိုက်ပါလာသူ နောက်တဦးကတော့ ကမ်းလွန်နဲ့ ကုန်းတွင်း ရေနံရှာဖွေရေးကို မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဇောက်ချလုပ်ကိုင်နေခဲ့သူ ဦးမိုးမြင့် ဖြစ်ပါတယ်။ ဒီကနေ့ ဖိုရမ်မှာ သူ့ရဲ့မျှော်လင့်ချက်နဲ့ ပတ်သက်ပြီးတော့ ဦးမိုးမြင့်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“အဲတော့ ဒီဖိုရမ်နဲ့ ပတ်သက်လို့ ပြောရရင်တော့ Myanmar investment outreach ဆိုပြီးတော့ အမေရိကန်နိုင်ငံမှာ ဒါဟာ ပထမဆုံးအကြိမ် လုပ်တာဖြစ်ပါတယ်။ ဒါကြောင့် ကျနော်လည်း တခြားကိစ္စတွေ ရှိလျက်သားနဲ့ ဒါကိုတော့ လာအားပေးမယ် ဆိုပြီးတော့ ကျနော်တို့ ဒီ panel တွေ ၅-၆ ခုလောက်မှာ၊ energy panel မှာ ကျနော်လည်း အပါအဝင် ဖြစ်ပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံက ဝန်ကြီး၊ စွမ်းအင်ဝန်ကြီး ဦးဇေယျာအောင်နဲ့အတူ ကျနော်တို့ ဒီ panel မှာ အမေရိကန် နိုင်ငံက ကျနော်တို့ မြန်မာနိုင်ငံမှာ လာပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ သူတို့မေးတဲ့ မေးခွန်းတွေကို ကျနော်တို့ ဖြေဆိုဖို့ ကျနော်လာတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံမှာ အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဆွဲဆောင်မှု တခုအနေနဲ့ Myanmar Last Asia Frontier ဆိုတဲ့ အမည်နဲ့ ကျင်းပတဲ့ ဒီဆွေးနွေးနှီးနှောဖလှယ်ပွဲ ဖိုရမ်ကို စပိန်နိုင်ငံမှာ အခြေစိုက်တဲ့ Peninsula Press ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာရေးအဖွဲ့က ကမကထလုပ်ပြီး ကျင်းပခဲ့တာပါ။ ဒီကနေ့ ဖိုရမ်အတွက် စပွန်ဆာအနေနဲ့ ပါဝင်ကြတဲ့ အမေရိကန် လုပ်ငန်း ကုမ္ပဏီတွေဟာ အမေရိကန်ဒေါ်လာ ၄ သောင်းစီ ထည့်ဝင်ကြရသလို၊ ဖိုရမ်ကိုလာပြီး တက်ရောက်သူ အမေရိကန် လုပ်ငန်းရှင်တွေနဲ့ တခြားသော စိတ်ဝင်စားသူတွေဟာ ဝင်ကြေးအမေရိကန်ဒေါ်လာ ၁,၅၀၀ ပေးပြီးမှ တက်ရောက်ကြရတာ ဖြစ်ပါတယ်။ ဒီဖိုရမ်ဟာ တရက်သာကျင်းပတာ ဖြစ်ပေမဲ့လည်း ဆက်စပ်နေတဲ့ မြန်မာ-အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များဆိုင်ရာ ဆွေးနွေးပွဲ တချို့ကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့မှာလည်း နယူးယောက်မြို့မှာ ဆက်ပြီး ကျင်းပဖို့ ရှိနေပါတယ်။

XS
SM
MD
LG