သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့အခြေအနေ အားတက်ဖွယ် မရှိ


အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်။ မေ ၂၂၊ ၂၀၁၁။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ်။ မေ ၂၂၊ ၂၀၁၁။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အခြေအနေတွေ တိုးတက်လာဖို့အတွက် စိတ်ရှည်ရှည်ထားပါလို့ မြန်မာအစိုးရက ပြောခဲ့ပေမဲ့ စောင့်လာတဲ့ အချိန်တွေသာ ကြာလာပေမဲ့ တိုးတက်မှု ရှိမလာဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောလိုက်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောသွားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီနေ့ ဝါရှင်တန်မြို့တော်က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ လုပ်တဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းပ်ဘဲလ်က မကြာသေးခင်က မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ တင်ပြချက်တွေကို သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို သုံးသပ်ရာမှာ ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆိုပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ မြင်ခဲ့ရတဲ့ တိုးတက်မှု အနေအထားက ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ကောင်းပြီး အထင်ကြီးစရာ မရှိဘူးလို့ လုံး၀ ပြောနိုင်ပါတယ်။”

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ မြန်မာနိုင်ငံမှာ မနှစ်က ရွေးကောက်ပွဲတွေ အပြီးမှာ အမေရိကန်နိုင်ငံ အနေနဲ့ စိတ်ပျက်ခဲ့ရပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပြီး ကြိုးစားခဲ့ရာမှာ အတိုက်အခံပါတီ အားလုံးနဲ့တော့ ပွင့်ပွင့်လင်းလင်း အတွင်းကျကျ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်ပျက်ခဲ့ရပေမဲ့ ဒီနေရာမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အလားအလာတွေ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲက အရေးပါတဲ့ တခြားပါတီတွေနဲ့ ကျနော်တို့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီနဲ့ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဆွေးနွေးခဲ့တယ်၊ အလားတူပဲ တခြားအဖွဲ့တွေဖြစ်တဲ့ ပါလီမန်ထဲက တိုင်းရင်းသား အုပ်စုတွေ၊ တခြားအုပ်စုတွေနဲ့လည်း အတွင်းကျကျ ဆွေးနွေးခဲ့ပါတယ်။”

သူကပဲ မြန်မာအစိုးရနဲ့လည်း အခုလို တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး မြန်မာဘက်က တိုးတက်မှုတွေ စလုပ်ပြလာရင် အပြုသဘော ပြန်တုံ့ပြန်ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်လာအပြီးမှာ လနဲ့ချီ အချိန်ယူပြီး ဖိအားပေးတာအပြင် ဆက်ဆံ ဆွေးနွေးတာတွေ လုပ်ဖို့ လမ်းစဉ်သစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုတက်လာတဲ့ မြန်မာအစိုးရသစ် အနေနဲ့လည်း သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အခုလို အပြုသဘော ပြန်တုံ့ပြန်ဖို့ အမေရိကန်ဘက်က အသင့်ပြင်ထားတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆက်ပြောပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ ပေါ်လစီ ပြန်သုံးသပ်မှုတွေ လုပ်ခဲ့ရာမှာ နေပြည်တော်ဘက်ကနေ သင့်တော်တဲ့ တိုးတက်မှုတွေ လုပ်ပြလာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း မြန်မာအစိုးရသစ်နဲ့ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ။”

ဒါပေမဲ့လည်း အခုလို တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်ရာမှာ အမေရိကန်ဘက်ကပဲ လမ်းဖွင့်ပေးလို့ မရဘဲ မြန်မာအစိုးရဘက်ကလည်း တိုးတက်မှုတွေ စပြဖို့ လိုမယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရသစ်ဘက်က တိုးတက်မှုတွေ မပြဘဲ စောင့်ပါဦး၊ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ ဆိုတာမျိုးနဲ့တော့ မရဘူးလို့ မစ္စတာ ကမ့်ပ်ဘဲလ်က သတိပေးလိုက်ပါတယ်။

“သည်းခံပါ၊ ကျနော်တို့ကို အချိန်ပေးပါဦးလို့ ပြောရုံနဲ့တော့ မလုံလောက်နိုင်ဘူးဗျ။ စောင့်ခဲ့တဲ့ အချိန်ကလည်း အများကြီး ကြာခဲ့ပြီးပြီ။ သည်းခံခဲ့ရတာကလည်း မနည်းတော့ဘူးလေ။ ပထမအနေနဲ့ အာဆီယံမှာပါတဲ့ ကျနော်တို့ မိတ်ဆွေတွေ အနေနဲ့ ဒီလို တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ခဲ့တာ နှစ်ပေါင်းများစွာပဲလေ။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိမလာခဲ့ပါဘူး။”

အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဖိအားရော ဆက်သွယ် ဆောင်ရွက်မှုတွေကိုပါ နည်း ၂ ခုလုံးကိုသုံးပြီး ဆောင်ရွက်ခဲ့ရာမှာ ထူးခြားမှုတွေ မရှိသေးပေမဲ့ ဒီပေါ်လစီ ၂ ခုလုံးကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုကြပါတယ်။

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ ပြီးခဲ့တဲ့ ၂ ပတ်က ခရီးစဉ်ထဲမှာလည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ လျှော့ပေးနိုင်ဖို့ဆိုရင် မြန်မာဘက်ကလည်း သိသာတဲ့ တိုးတက်မှုတွေ လုပ်ပေးရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပတ်ထဲမှာလည်း အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ လက်ရှိ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာလည်း မြန်မာနိုင်ငံကိုသွားပြီး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအဝင် တိုးတက်မှုတွေ ရှိလာရေး ကြိုးစားဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ CSIS ခေါ် အမေရိကန်နိုင်ငံက သုတေသနအဖွဲ့ရဲ့ ဆွေးနွေးပွဲထဲမှာ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ အားလုံးနဲ့ ပိုမို ထဲထဲဝင်ဝင် ဆက်ဆံရာမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်အား ကြီးမားလာတဲ့ တရုတ်နဲ့လည်း နီးနီးကပ်ကပ် လက်တွဲဖော်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG