သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘက် ဆက်ဆံရေးကို လူ့အခွင့်အရေးနဲ့ တိုင်းတာဖို့ ကန်အမတ်တွေ အဆိုပြု


မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
မြန်မာစစ်တပ် စစ်ရေးလေ့ကျင့်နေစဉ်။
၂၀၁၄ မြန်မာ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ဥပဒေထဲမှာ ထည့်သွင်းသင့်တဲ့ အချက်တွေကို အမေရိကန် အောက်လွှတ်တော် ဒီမိုကရက် အမတ် Joe Crowley နဲ့ အောက်လွှတ်တော် ရီပက်ပလီကန် အမတ် Steve Chabot တို့က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ကြေညာပါတယ်။ ဒီဥပဒေမှာထဲမှာ မြန်မာ့ လူ့အခွင့်အရေး တိုးတက်မှု ရှိဖို့နဲ့ စစ်တပ် ပြုပြင် ပြောင်းလဲရေး အတွက် အမေရိကန် စစ်တပ်က မြန်မာကို အတိုင်းအတာနဲ့ဘဲ အထောက်အကူပေးဖို့ အဆိုပြုချက်လည်း ပါဝင်ပါတယ်။

မြန်မာ စစ်တပ်ဘက်က လူ့အခွင့်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စံ သတ်မှတ်ချက်တွေကို မပြည့်မှီ မချင်း လူသားချင်း စာနာမှုဆိုင်ရာ သင်တန်းတွေ၊ တရားဥပေဒ ရေးရာ ပြုပြင်ပြောင်းလဲမှုတွေအတွက် နိုင်ငံတကာ ဥပဒေရေးရာ သင်တန်းတွေ၊ အရေးပေါ် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အကူအညီတွေ က အပ တခြား စစ်ရေး ဆိုင်ရာ အကူအညီတွေကို မြန်မာ လက်နက်ကိုင် တပ်တွေကို အမေရိကန် ပေးမှာကို ကန့်သတ်ဖို့လည်း အဆိုပြုပါတယ်။

ဒီစံ သတ်မှတ်ချက်တွေမှာဆိုရင် လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ၊ စစ်တပ်က ချုပ်ကိုင်ထားတဲ့ အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲရေး၊ မြန်မာ ပြည်သူတွေ အပေါ်မှာ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့နဲ့ လက်နက်ကိုင်တပ်တွေကို အရပ်ဘက် ထိန်းချုပ်ဖို့ ဆိုတာတွေလည်း ပါဝင်ပါတယ်။
XS
SM
MD
LG