သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်ကို အမေရိကန် လက်တွေ့ကျ ဆက်ဆံရေးနဲ့ ပိတ်ဆို့မှု ပူးတွဲကျင့်သုံးမည်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး။

အမေရိကန် ပြည်ထောင်စု အနေနဲ့ နောက်တက်လာမယ့် မြန်မာအစိုးရ အဖွဲ့သစ်နဲ့ ဆက်ဆံညှိနှိုင်းပြီး လက်ရှိ ကျင့်သုံးနေတဲ့ လက်တွေ့ကျ ဆက်ဆံရေးနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ပူးတွဲ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမယ်လို့ အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါး (Larry Dinger) က ဗွီအိုအေကို ပြောပါတယ်။ ဝါရှင်တန်မြို့တော် အမေရိကန် နိုင်ငံခြားရေးဌာနမှာ သူ့ကို သွားရောက် တွေ့ဆုံခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်ထွန်းက တင်ပြပေးထားပါတယ်။

အနှစ် ၂၀ ကျော်အတွင်း မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး အရပ်သား အစိုးရအဖွဲ့ အမည်စာရင်းကို သမ္မတသစ် ဗိုလ်ချုပ်ကြီးဟောင်း တဖြစ်လဲ ဦးသိန်းစိန်က နေပြည်တော် လွှတ်တော်မှာ တင်သွင်းခဲ့ပြီး ဖြစ်တာမို့ အစိုးရအဖွဲ့သစ် မကြာခင် အတည်ပြု ပေါ်ထွက်လာပါတော့မယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိမူဝါဒဖြစ်တဲ့ လက်တွေ့ကျ ဆက်ဆံကျင့်သုံးရေး မူဝါဒနဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး ပူးတွဲမူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု သံရုံးတာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါးက ဗွီအိုအေကို ပြောကြားပါတယ်။

“ကျနော့်အမြင်အရတော့ အခုတက်လာတဲ့ အစိုးရဟာ အစိုးရသစ် တခုရယ်တော့ မဟုတ်ပါဘူး။ မြင်နေကျ မျက်နှာတွေပါပဲ။ ဒါပေမဲ့ အရင်ကတော့ အဲဒီ အစိုးရ အဖွဲ့ဟောင်းထဲက လူတွေဟာ ရွေးကောက်ပွဲ အပေါ်မှာပဲ အာရုံစိုက်နေခဲ့ကြပြီး ဆွေးနွေးပြောဆိုဖို့ သိပ် အခွင့်အရေး မရှိခဲ့ပါဘူး။ ဒါကြောင့် အခုအချိန်မှာတော့ ဒီလူတွေဟာ အရင်လူတွေပဲ ဖြစ်နေပေမဲ့လည်း အမြင်နဲ့ ရပ်တည်မှု ပြောင်းလာတာမျိုးတွေ ရှိလေမလား၊ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ ပိုပြီး လိုလားတာတွေ ရှိမလားဆိုတာ တီးခေါက်ကြည့်ဖို့ လိုနေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အင်မတန် နက်နဲတဲ့ ပြဿနာတွေကို မဖြစ်မနေ ဖြေရှင်းဖို့ လိုနေပါတယ်။”

ဝါရှင်တန်မြို့တော်ကို ခေတ္တ ပြန်ရောက်နေတဲ့ အမေရိကန်သံရုံး တာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါး ပြောသွားတာ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့စဉ်ကတည်းက အစိုးရ အဆက်ဆက်နဲ့ သံအဆက်အသွယ် မပြတ်ခဲ့သလို အခုလည်း ဆက်ဆံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိ ဆက်ဆံရေးဟာ သံမှူးကြီးအဆင့် ဆက်ဆံရေးသာဖြစ်ပြီး မကြာခင်မှာ သံအမတ်ကြီးအဆင့် ပြန်လည်ဆက်ဆံဖို့ အလားအလာတွေများ ရှိပါသလားဆိုတဲ့ မေးခွန်းကိုတော့ ဒါဟာ ဝါရှင်တန်မှာ ရှိနေတဲ့ မူဝါဒရေးရာ ချမှတ်သူတွေ သုံးသပ်ရမယ့်ကိစ္စ ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ ဆက်ဆံရေး မူဝါဒ ဘယ်လောက်အထိ တိုးတက်မှုရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေကြောင်းနဲ့ လတ်တလောမှာတော့ ဒီလို သံအမတ်ကြီးအဆင့် တိုးမြှင့်ပြီး ပြန်ဆက်ဆံဖို့ အခြေအနေ မမြင်သေးပါဘူးလို့လည်း မစ္စတာ ဒင်းဂါးက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ လက်တွေ့ကျ ဆက်ဆံရေး မူဝါဒအရ ပူးတွဲပြီး ကျင့်သုံးနေတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး အစီအစဉ်တွေရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့လည်း သူက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အာဏာပိုင်တွေ အနေနဲ့ သူတို့ရဲ့ မူဝါဒတွေကို ပြန်ပြီးတော့ သုံးသပ်လာစေဖို့ပါပဲ။ နိုင်ငံရေး လှုပ်ရှားသူတွေကို မဖမ်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးရေး ဖိအားပေးဖို့၊ အစိုးရက လုပ်နေတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ အားလုံး ဘက်ပေါင်းစုံ ပါဝင်လာစေရေး လမ်းဖွင့်ပေးစေဖို့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို နိုင်ငံရေး အတိုက်အခံတွေ၊ အဖွဲ့အစည်းတွေ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်စေဖို့၊ ခြုံပြီးပြောရရင် မြန်မာနိုင်ငံရဲ့ ကောင်းမွန်တဲ့ အနာဂတ်အရေးကို စဉ်းစား လုပ်ဆောင်လာရေး စစ်အစိုးရကို တွန်းအားပေးဖို့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။”

အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု နိုင်ငံတွေရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သာမန်ပြည်သူတွေ ပိုအထိနာပြီး ဆင်းရဲမွဲတေမှု လမ်းကြောင်းပေါ်ကို ပိုပြီး တွန်းပို့နေသလို ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုတော့ သူက ငြင်းဆိုခဲ့ပြီး မြန်မာနိုင်ငံ ဆင်းရဲမွဲတေမှု ပြဿနာဟာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ မမှန်ကန်တဲ့ စီးပွားရေး မူဝါဒတွေကြောင့်သာ ဖြစ်ပြီး အဂတိ လိုက်စားမှု၊ မူဝါဒရေးရာ ဆုံးဖြတ်ချက် မမှန်ကန်မှု စတာတွေကလည်း အဓိက ပြဿနာတွေ ဖြစ်ကြောင်း မစ္စတာ ဒင်းဂါးက ပြောသွားခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတရပ်က ထောက်ပြထားတာနဲ့ ကိုက်ညီနေပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စစ်တမ်းမှာ နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း အပြောင်းအလဲတွေပါ အလိုက်သင့် ဖြစ်ပေါ်လာစေဖို့အတွက် ပိတ်ဆို့ ဒဏ်ခတ်မှုတွေကို ဘယ်လို၊ ဘယ်အချိန်၊ ဘယ်လို အခြေအနေမျိုးတွေမှာ ပြန်ပြီး သုံးသပ် ပြောင်းလဲသင့်သလဲ ဆိုတာကို ဆွေးနွေးလိုပါကြောင်း ကမ်းလှမ်းထားတာနဲ့ ပတ်သက်ပြီး အမေရိကန် သံမှူးကြီး လယ်ရီ ဒင်းဂါးက...

“ဆက်ဆံညှိနှိုင်းရေးဆိုတဲ့ လုပ်ငန်းစဉ်ဟာ တစိုက်မတ်မတ် ရွေ့လျား လှုပ်ဆောင်သွားရမယ့် လုပ်ငန်းစဉ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့် ဘက်ပေါင်းစုံနဲ့ အခြေအနေအားလုံး သုံးသပ် ဆွေးနွေးနိုင်ဖို့ ကျနော်တို့ အမြဲ ကြိုးစားနေပါတယ်။ အစိုးရနဲ့ ဆက်ပြီး ပြောဆို ဆွေးနွေးသွားမှာ ဖြစ်သလို အတိုက်အခံတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးနဲ့လည်း စဉ်ဆက်မပြတ် တွေ့ဆုံမှုတွေ လုပ်နေပါတယ်။ နေပြည်တော်ကို ကျနော် လစဉ် သွားသလိုပဲ အကျယ်ချုပ်က လွတ်မြောက်နေပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျနော် မကြာခဏ တွေ့ဆုံဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စု အစိုးရ မူဝါဒရေးရာ သုံးသပ်သူတွေ အနေနဲ့ အခြေအနေကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်နေပြီး လိုအပ်သလို ပြင်ဆင် ပြောင်းလဲမှုတွေ လုပ်သွားမှာဖြစ်ကြောင်း လက်တွေ့ကျ ဆက်ဆံရေး မူဝါဒသစ်ကို ကြေညာစဉ်ကတည်းက ပြောကြားထားပြီး ဖြစ်ပါကြောင်းလည်း ဝါရှင်တန်မြို့တော်ကို ခေတ္တ ပြန်လည်ရောက်ရှိနေတဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံး တာဝန်ခံ သံမှူးကြီး လယ်ရီ ဒင်းဂါးက ဗွီအိုအေကို ရှင်းပြသွားခဲ့ပါတယ်။

XS
SM
MD
LG