သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်ပြည်ထောင်စု ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်လ် ပေါစ်နာ (Michael Posner) က မြန်မာဒုက္ခသည်တွေ အရေးကို စူးစမ်းဖို့အတွက် လာမယ့်သီတင်းပတ်ကျရင် ထိုင်း-မြန်မာနယ်စပ်ကို သွားရောက်မယ်လို့ ပြောကြားလိုက်ပါတယ်။ အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုပ်သိမ်းရေးကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J. Crowley) က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်မြောက်ရေး အမေရိကန်က ဘာဆက်လုပ်မလဲဆိုတဲ့ အမေးကို လက်ထောက် ၀န်ကြီး မစ္စတာ ပေါ့စ်နာ က အခုလို ပြောကြားသွားပါတယ်။

“အရှေ့အာရှရေးရာဌာနက ကျနော့် လုပ်ဖော်ကိုင်ဖက်တချို့ ဒီကိစ္စအတွက် စဉ်းစားနေကြတယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ကျနော်တို့ သံရုံးနဲ့ ညှိနှိုင်းပြီး နောက်တဆင့် ဘာလုပ်ရမယ်ဆိုတာကို နည်းလမ်းရှာနေကြပါတယ်။ ကျနော်ကိုယ်တိုင်လည်း နောက်အပတ်ကျရင် ထိုင်း-မြန်မာနယ်စပ်သွားပြီး မြန်မာနိုင်ငံပြဿနာရဲ့ ကွင်းဆက်နောက်တခုဖြစ်တဲ့ ဒုက္ခသည်ကိစ္စကို လေ့လာစူးစမ်းဖို့ စီစဉ်ထားပါတယ်။ ကျနော်တို့ဟာ မြန်မာကိစ္စမှာ ဘာဆက်လုပ်ရမယ်ဆိုတာကို သိပ်ကို အာရုံစူးစိုက်နေကြပါတယ်။”

အမေရိကန် လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ်လ် ပေါ့စ်နာ ပြောသွားတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံခြားရေးဌာန ပြောခွင့်ရ P.J. Crowley ကတော့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းမယ် မရုပ်သိမ်းဘူးဆိုတာဟာ မြန်မာအာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမယ့် နည်းလမ်းကို သူတို့ရွေးထားတာကတော့ မှန်ပါတယ်၊ ဆက်ဆံရေးပုံစံပြောင်းဖို့လည်း အဆင်သင့်လုပ်ထားပါတယ်၊ ဒါပေမဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို လောလောဆယ် ရုပ်သိမ်းရလောက်အောင် မြန်မာဘက်က တိုးတက်လုပ်ဆောင်ချက်တွေ ရှိလာမှဖြစ်နိုင်မှာပါလို့ ပြောသွားပါတယ်။

XS
SM
MD
LG