သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့


မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့
မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့် ကင်းမဲ့

အမေရိကန်က ထုတ်ပြန်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပိတ်ပင်ဆုံး နိုင်ငံများ စာရင်းမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး ပိတ်ပင်ထားတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ် အစီရင်ခံစာမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန် စတဲ့ နိုင်ငံတွေဟာ အာရှမှာ ဘာသာရေးအတွက် လွတ်လပ်ခွင့် အပိတ်ပင်ဆုံး၊ အစိုးရိမ်ရဆုံး နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အရှေ့အလယ်ပိုင်းမှာတော့ အီဂျစ်၊ အီရန်၊ အီရတ်၊ ဆော်ဒီအာရေးဗီးယား စတဲ့ နိုင်ငံတွေဟာ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက ဘာသာရေး ချိုးဖောက်မှုတွေအတွက် စိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းခံရတဲ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်တဲ့ ဒေသတွေမှာ ဘာသာရေးအရ ခွဲခြားမှုနဲ့ ချိုးဖောက်မှုတွေ ရှိနေတယ်လို့ အစီရင်ခံစာက ရေးပါတယ်။

ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ အီဂျစ်နိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေအတွက် အထူးစိုးရိမ်ရတဲ့ နိုင်ငံစာရင်းမှာ ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။

အီဂျစ်သမ္မတဟောင်း ဟို့စ်နီ မူဘာရက်ခ် (Hosni Mubarak) ရာထူးက နုတ်ထွက်ခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုနဲ့ သတ်ဖြတ် တိုက်ခိုက်မှုတွေကို အီဂျစ်အစိုးရက အရေးယူ ဖြေရှင်းပေးတာမျိုးတွေ မရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။

အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေကိုလည်း ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်မှုအတွက် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ဟာ အဓိက ပါတီကြီး နှစ်ရပ်က အဖွဲ့ဝင်တွေ ပါဝင်တဲ့ သီးခြားလွတ်လပ်တဲ့ အစိုးရ အဖွဲ့အစည်း ဖြစ်ပါတယ်။

XS
SM
MD
LG