သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး လွတ်လပ်ခွင့် မရှိဆုံးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်


ဘာသာရေး လွတ်လပ်ခွင့် မရှိဆုံးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်
ဘာသာရေး လွတ်လပ်ခွင့် မရှိဆုံးနိုင်ငံထဲ မြန်မာနိုင်ငံ ပါဝင်

မြန်မာနိုင်ငံဟာ ဘာသာရေး လွတ်လပ်ခွင့် အပိတ်ပင်ဆုံးနဲ့ အစိုးရိမ်ရဆုံး နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ရဲ့ ၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေတွေကို ဦးစံမိုးဝေက တင်ပြပေးထားပါတယ်။

ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်မှု အဆိုးဆုံးနဲ့ အစိုးရိမ်ရဆုံး နိုင်ငံတွေအဖြစ် နိုင်ငံပေါင်း ၁၄ နိုင်ငံ သတ်မှတ်ထားတာဖြစ်ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံဟာ တနိုင်ငံ အပါအဝင် ဖြစ်ပါတယ်။ မကြာခင်ကပဲ အရပ်သား အစိုးရနဲ့ အာဏာ အလွှဲအပြောင်း လုပ်ခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အဖွဲ့ဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ အစိုးရ ဆိုပြီးတော့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် အဖွဲ့ရဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

ဘာသာရေး ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ မတော်တလျော် ဆက်ဆံတာ၊ ဖိနှိပ်တာ မျိုးစုံကို စုံစမ်း တွေ့ရှိထားတယ်လို့လည်း ရေးသားထားပါတယ်။ သာသနာ့ဥသျှောင်အဖွဲ့၊ အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်ရဲ့ ပြည်တွင်းရေးရာ တာဝန်ခံ ဆရာတော် ဦးပညာနန္ဒကတော့ တရားဟောမယ် ဆိုရင် ခွင့်ပြုချက် ယူနေရတဲ့ တိုင်းပြည်လောက် ဆိုးရွားတာ ဘာရှိအုံးမလဲလို့ ဗွီအိုအေကို အခုလို မိန့်ကြားပါတယ်။

“အခု မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ တကယ့် အဆိုးဆုံး အခြေအနေကို ရောက်နေတယ်။ ဥပမာ လက်ရှိ တရားပွဲတွေ ဘာတွေ လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် မရရင် ဘာမှ လုပ်လို့မရဘူး။ တရားပွဲ လုပ်ချင်တယ် ဆိုရင်တောင် ရိုးရိုးသားသား သူတို့ပြောတဲ့ အင်္ဂါတွေ ပြည့်စုံတယ်၊ စာရွက်စာတမ်းတွေ ပြည့်စုံတယ် ဆိုရင်တောင်မှ ဟောမယ့် တရားကို ကြိုတင်ပြီး အစိုးရဆီကို တင်ရတယ်။ ခွင့်ပြုချက်ရမှ တင်ရတာ။ အဲဒီတော့ ဒီလို ဘုရား တရားတွေ ဟောတာတောင်မှ လွတ်လွတ်လပ်လပ် ဟောခွင့်မရှိဘူး၊ မှန်တာတွေကို ပြောခွင့်မရှိဘူး ဆိုတော့ ဒီဟာတွေက မြန်မာပြည်မှာ တော်တော်ဆိုးတဲ့ အခြေအနေကို ရောက်နေတာပေါ့။

“လွတ်လပ်မှုတွေ ပျောက်ဆုံးပြီးတော့ နည်းမျိုးစုံနဲ့ ဘုန်းကြီးတွေကို နှိပ်ကွပ်နေတာ၊ ဘာသာရေးသမားတွေကို နှိပ်ကွပ်နေတာ။ ဒါ ဗုဒ္ဓဘာသာတင်လားဆိုတော့ မဟုတ်ဘူးနော်၊ မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်ရော၊ အစ္စလာမ်ရော ထိုနည်းလည်းကောင်းပဲ၊ အကုန်လုံး၊ ဘာသာရေးတွေ အကုန်လုံးကို ဖိနှိပ်နေတာ။”

ဗုဒ္ဓဘာသာတွေတင် မဟုတ်ပါဘူး၊ အစ္စလာမ် ဘာသာဝင်တွေမှာလည်း နေရာတိုင်းမှာ ခွဲခြားဆက်ဆံ ခံနေရတာဟာ ဆယ်စုနှစ်နဲ့ ချီနေပါပြီလို့ ပြောလာသူကတော့ မြန်မာ မူဆလင် အစည်းအရုံးရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ပါ။

“မြန်မာပြည်မှာကတော့ ဘာသာပေါင်းစုံ ဖိနှိပ်ခံနေရတာပဲဗျ။ ဒါပေမဲ့ အဲဒီအထဲမှာ အဖိနှိပ်ခံရဆုံးကတော့ အစ္စလာမ်ဘာသာပဲဗျ။ ကမ္ဘာကို သူတို့ပြောတဲ့ အခါကျတော့ ဆူးလေဘုရားကြီး ဘေးနားမှာ ဗလီကျောင်းကြီး ရှိပါတယ် ဆိုတာမျိုးတော့ သူတို့ လက်ညှိုးထိုးပြတာပေါ့ဗျာ။ တကယ်တမ်းကျတော့ အစ္စလာမ် ဘာသာဝင်တွေဟာ အစ္စလာမ် ဘာသာကို ကိုးကွယ်လို့ ဆိုပြီးတော့ နိုင်ငံသားအဖြစ် အသိအမှတ် မပြုတာတို့၊ အလုပ်ခွင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တရားရုံးတွေမှာ ခွဲခြား နှိမ့်ချခံရတာတွေကတော့ နိစ္စဓူ၀ ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင် အဆက်ဆက်မှာ ခံစားနေရတာပဲဗျ။”

ဘာသာရေး လွတ်လပ်ခွင့် အဖိနှိပ်ဆုံးလို့ သတ်မှတ်ခံရတဲ့ တခြားနိုင်ငံတွေကတော့ တရုတ်၊ အီရစ်တီးယား၊ အီရန်၊ အီရတ်၊ နိုင်ဂျီးရီးယား၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယား၊ ဆူဒန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတွေ အပေါ်မှာ ဖိနှိပ်ခွဲခြား ဆက်ဆံမှုတွေကိုလည်း ထုတ်ပြန်ကြေညာချက်မှာ ရေးသားထားပါတယ်။

နယ်စပ်ဒေသ တိုင်းရင်းသားတွေ နေထိုင်ရာ ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေး ဖိနှိပ်မှုတွေကိုတော့ ချင်းအမျိုးသား ခရစ်ယာန် သင်းအုပ်ဆရာတဦး ဖြစ်တဲ့ ဂျွန်ဘူဟီးနားက အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ တိုင်းရင်းသားလူမျိုး နယ်မြေဒေသမှာဆိုရင် ဗမာစစ်အစိုးရက အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရတယ်။ အထူးသဖြင့် သင်းအုပ်ဆရာများ၊ ဘာသာရေး ဆရာများကို ဖမ်းဆီးပြီး ထောင်ချခြင်း၊ ဘုရားကျောင်းကို မီးရှို့ခြင်း၊ ခရစ်ယာန် ဘုရားကျောင်းတွေကို သော့ခတ်ခြင်း၊ လက်ဝါးကပ်တိုင်ကို ဖြိုချခြင်း၊ လွတ်လွတ်လပ်လပ် ဘာသာရေး ကိုးကွယ်ခြင်းကို မရဘူး၊ တိုင်းရင်းသား နယ်မြေဒေသတွေမှာ။”

သင်းအုပ်ဆရာ ဂျွန်ဘူဟီးနားက ချင်းပြည်နယ် မတူပီမှာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ အခုတော့ အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ်ကို ရွှေ့ပြောင်း ရောက်ရှိနေသူပါ။

မြန်မာနိုင်ငံဟာ ၁၉၉၉ ခုနှစ်ကတည်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဘာသာရေး ချိုးဖောက်မှုအတွက် အစိုးရိမ်ရဆုံး နိုင်ငံစာရင်းမှာ ထည့်သွင်းထားခြင်း ခံထားရတာ ဖြစ်ပါတယ်။

အစီရင်ခံစာမှာ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အိန္ဒိယ၊ အင်ဒိုနီးရှားနဲ့ လာအိုနိုင်ငံတွေကိုလည်း ဘာသာရေး လွတ်လပ်မှု ပိတ်ပင်မှုအတွက် စောင့်ကြည့်ရမယ့် နိုင်ငံတွေ စာရင်းမှာ ထည့်သွင်းထားပါတယ်။

အခု အစီရင်ခံစာကို ထုတ်ပြန်တဲ့ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင်ဟာ အစိုးရရဲ့ အဓိက ပါတီကြီး ၂ ရပ်က ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

XS
SM
MD
LG