သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို


မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို
မြန်မာအစိုးရအပေါ် ဒဏ်ခတ်ဥပဒေ သက်တမ်းတိုးရေး ဆီးနိတ်အမတ်များ တောင်းဆို

မြန်မာစစ်အစိုးရကို အမေရိကန် ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ ၂၀၀၃ ခုနှစ် ဥပဒေတရပ်ကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကွန်းနဲလ် (Mitch McConnell) နဲ့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိုင်းန် (Dianne Feinstein) တို့ အပါအဝင် အထက်လွှတ်တော်အမတ် ၄ ဦး ပူးတွဲပြီး မေလ ၂၆ ရက်၊ ကြာသပတေးနေ့က အမေရိကန် အထက်လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။

၂၀၀၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အဲဒီတုန်းက အမေရိကန် သမ္မတ ဂျော့ဂျ် ဒဗလျူ ဘုရှ် (George W.Bush) က လက်မှတ်ရေးထိုးပြီး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ လွတ်မြောက်မှုနှင့် ဒီမိုကရေစီ ဥပဒေလို့ ဆိုရမယ့် Burmese Freedom and Democracy Act ကို သက်တမ်းတိုးပေးဖို့ အဲဒီ အထက်လွှတ်တော် အမတ်တွေက တင်ပြခဲ့တာပါ။

မြန်မာအစိုးရအပေါ် ဒဏ်ခတ် အရေးယူထားတာကို ဘာ့ကြောင့် သက်တမ်းတိုးသင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ မက်ကွန်းနဲလ်က အထက်လွှတ်တော်ကို တင်ပြတဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတမှု မရှိတာ၊ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် အများစု အနိုင်ရခဲ့တာ၊ အခြေခံဥပဒေ ပြုပြင် ပြောင်းလဲရေး အပါအဝင် ကိစ္စရပ် အားလုံးကို စစ်တပ်ထောက်ခံမှု မပါဘဲ လွှတ်တော်တွေ အနေနဲ့ ဘာမှလုပ်လို့ မရတာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်းမှာ အိုးအိမ်စွန့် ထွက်ပြေးရသူတွေ သိန်းနဲ့ချီပြီး ရှိနေသေးတာ၊ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုတွေ ပိုတိုးလာတာ စတဲ့ အချက်တွေကို ထောက်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လောက် လွတ်လွတ်လပ်လပ် သွားလာလုပ်ကိုင် ဆောင်ရွက်နိုင်သလဲ ဆိုတာအပေါ်မှာ စိုးရိမ်မှု ရှိနေတာကိုလည်း မစ္စတာ မက်ကွန်းနဲလ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ သိသာထင်ရှားတဲ့ လုပ်ရပ်တွေကြောင့် မိမိတို့ အရူးလုပ်တာ မခံရသင့်ကြောင်း၊ အဲဒါတွေဟာ အစိုးရက ဘယ်လို အုပ်ချုပ်မယ် ဆိုတာတွေ၊ သူ့ရဲ့လူထုကို ဘယ်လို ပြုမူဆက်ဆံမယ် ဆိုတာတွေ၊ ကျန်တဲ့ ကမ္ဘာကြီးနဲ့ ဘယ်လို ထိတွေ့ဆက်ဆံမယ် ဆိုတာတွေနဲ့ ပတ်သက်ပြီး စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ လုပ်တာမဟုတ်ဘဲ နိုင်ငံတကာရဲ့ ဒဏ်ခတ် အရေးယူမှု အောက်ကနေ ရုန်းထွက်နိုင်ဖို့ ကြိုးစားတာ သက်သက်ပဲ ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် မက်ကွန်းနဲလ်က ဝေဖန်ပြောဆိုပါတယ်။

စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဖြစ်တဲ့အထိ ဒဏ်ခတ် အရေးယူမှုကို ဆက်ပြီး ချမှတ်ထားသင့်တယ်လို့ မိမိ ယုံကြည်ကြောင်း သူက ထောက်ခံ တင်ပြခဲ့ပါတယ်။

အဲဒီဥပဒေအရ ဒဏ်ခတ် အရေးယူထားတာတွေထဲမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံဆီ တင်သွင်းခွင့်ကို ပိတ်ပင် တားမြစ်တာ၊ မြန်မာခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို ထိန်းချုပ်တာ၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာငွေကြေး အဖွဲ့အစည်းတွေက မြန်မာအစိုးရကို ငွေချေးတဲ့ကိစ္စ အမေရိကန်က မထောက်ခံရဘူးလို့ တားမြစ်တာ၊ မြန်မာတာဝန်ရှိသူတွေကို ပြည်ဝင်ခွင့်ဗီဇာ မပေးဖို့ ကန့်သတ်တာ၊ မြန်မာအစိုးရ ခေါင်းဆောင်တွေအတွက် ကြားခံလုပ်ပေးဖွယ်ရှိတဲ့ ဘဏ်ငွေစာရင်းတွေ အသုံးပြုမှုကို ကန့်သတ်တာတွေ ပါဝင်ပါတယ်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အဓိပ္ပာယ် ပြည့်ဝတဲ့ လုပ်ဆောင်မှုတွေ မြန်မာအစိုးရက မလုပ်သေးသရွေ့ ဒီအရေးယူမှုတွေ ဆက်ရှိနေမှာ ဖြစ်တယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကွန်းနဲလ်က ပြောထားပါတယ်။

XS
SM
MD
LG