သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်


စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်
စစ်အစိုးရကိုဒဏ်ခတ်မှု အမေရိကန်ရုပ်သိမ်းမှာမဟုတ်

မြန်မာနိုင်ငံအပေါ် တားဆီးပိတ်ဆို့မှုတွေ ဒဏ်ခတ်ထားတာကို လောလောဆယ် ရုပ်သိမ်းပေးဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက သောကြာနေ့ကပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်စုံကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ တားဆီးပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်ထားတာကို ရုပ်သိမ်းပေးရေးအတွက် အာဆီယံနိုင်ငံတွေကရော၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေကပါ တောင်းဆိုသံတွေ ဆူဆူညံညံ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောဆိုလိုက်တာပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာစစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေနဲ့ ပုံမှန်ဆွေးနွေးမှုတွေ ရှိနေပြီး ထိရောက်မှုနဲ့ အကျိုးသက်ရောက်မှု အတိုင်းအတာတွေကိုလည်း မျက်ခြေမပျက် အကဲခတ်သုံးသပ်နေတဲ့အကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ (P.J Crowley) က သောကြာနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။

“မြန်မာပြည်သူလူထုရဲ့ အကျပ်အတည်းတွေကို စာနာစိတ်နဲ့ စိုးရိမ်မကင်းဖြစ်ရပေမဲ့ ဒီမိုကရေစီရေးကို လုံးဝပစ်ပယ်ပြီး လူ့အခွင့်အရေး လေးစားလိုက်နာမှုမရှိတဲ့ တာဝန်အရှိဆုံးလူတွေ အပေါ်ကို အထူးပစ်မှတ်ထားပြီး အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့မှုတွေနဲ့ ဒဏ်ခတ်နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ချွတ်ခြုံကျရတာဟာ စစ်အစိုးရမှာ လုံးဝတာဝန်ရှိပါတယ်။ အဂတိလိုက်စားမှုတွေကို ခေါင်းဆောင်ပိုင်းကနေ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေပြီး သဘာဝသယံဇာတ အရင်းအမြစ်တွေကိုလည်း လူထုကို အသိမပေးဘဲ ကိုယ့်သဘောနဲ့ကိုယ် အလျဉ်းသင့် အလွမ်းသင့်သလို ရောင်းချနေကြတာပါပဲ။”

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းအောင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွှတ်ပေးရေး၊ ဒီမိုကရေစီ အတိုက်အခံတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စစ်မှန်တဲ့ အနှစ်သာရရှိတဲ့ ဆွေးနွေးမှုတွေ စတင်ဖို့အတွက် မြန်မာစစ်အစိုးရအနေနဲ့ ရေရာသေချာတဲ့ ခိုင်မာတဲ့ခြေလှမ်းတွေ လှမ်းနိုင်အောင်လို့ ဒီပိတ်ဆို့မှုတွေကို ထိန်းထားရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ တားဆီးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူးလို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေခရော်လီ က မနေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

XS
SM
MD
LG