သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူပိတ်ဆို့မှုကိစ္စ အမေရိကန်အမတ်များ ဆွေးနွေး


ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း စကားပြောဆိုနေစဉ်။ (ဇန်နဝါရီလ ၂၂၊ ၂၀၁၂)
ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း စကားပြောဆိုနေစဉ်။ (ဇန်နဝါရီလ ၂၂၊ ၂၀၁၂)

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ တနင်္ဂနွေနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ ဒီလို တွေ့ဆုံတာမှာ အမေရိကန် အစိုးရက မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ် လို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့သူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတာမှာ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူရေး အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း အပါအဝင် ဝါရင့် အထက်လွှတ်တော်အမတ်တွေ ဂျိုးဇက်လီဘာမန်၊ ကယ်လီအယို့တ် (Kelly Ayotte) နဲ့ ရှယ်လ်ဒန် ဝိုက်ဟောက်စ် (Sheldon Whitehouse) တို့ ပါဝင်ပါတယ်။

မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကလည်း အရေးကြီးတယ် ဆိုပြီး သူတို့က ပြောဆိုထားတာပါ။ တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားပါတယ်။

“ဒီ sanctions တွေ အစကတည်းက လုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းရင် ဘယ် sanctions တွေကို ရုပ်သိမ်းပေးမယ်ဆိုတာကို ပြောထားပြီးသားပါ။ အဲဒီတော့ သူတို့သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ sanctions တွေကို စပြီးတော့ ရုပ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတည်းတော့ မဟုတ်ပါဘူး။”

မြန်မာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးအကျဉ်းချတာ၊ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်ပွားနေတာတွေကြောင့် အမေရိကန် အစိုးရက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အရေးယူထားတာပါ။ ဒီလို အရေးယူထားတာတွေကို ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိယုံနဲ့တော့ ဖွင့်ပေးမှာမဟုတ်ဘဲ အရေးယူထားတဲ့ အချက်အလက်တွေကို မြန်မာ အစိုးရဘက်က ဘယ်လောက် ပြုပြင် ပြောင်းလဲမှု ရှိမလဲ ဆိုတဲ့ အပေါ်မှာ စဉ်းစားပြီး တစ်ဆင့်ချင်း ဖြေလျှော့သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

အမေရိကန် အထက်လွှတ်တော် အမတ်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေလည်း တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသေးတယ်။ တွေ့ဆုံဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က အခုလို ပြောပါတယ်။

“sanctions နဲ့ ပတ်သက်လာလို့ရှိရင် အမေရိကားရဲ့ ပထမ ပေါ်လစီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ရပ်ဆိုင်းပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖြေရှင်းရေးကို တည်ထားတဲ့ သူတို့ရဲ့ ပေါ်လစီနှစ်ရပ်ကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း သူတို့နဂိုကတည်းက ရပ်တည်ထားတဲ့ သူတို့ရဲ့ တောင်းဆိုမှုကို ပြန်ပြီးတော့ ပြောပါတယ်။ ပြီးတော့ လက်ကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကိုလည်း ကျနော်တို့က ပေးမယ်ဆိုတာတွေ လည်း ပြောခဲ့ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ အမေရိကန်နဲ့ မြန်မာအကြား သံအမတ်ကြီးအဆင့် ပြန်ပြီး ဆက်ဆံရေး ထူထောင်လာတာကို ကြိုဆိုတဲ့အကြောင်းနဲ့ ရှေ့ဆက်ပြီး နိုင်ငံတကာနဲ့ မြန်မာ အတိုက်အခံတွေ အကြား ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

အမေရိကန် အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေး အတွက် မူလက ချမှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ရပ်စဲရေး လက်ရှိ ပကတိ အနေအထားတွေကို သုံးသပ်ဖို့လည်း အမေရိကန် အထက်လွှတ်တော် အမတ်တွေကို တိုက်တွန်းခဲ့တယ် လို့လည်း ကိုဌေးကြွယ်က ပြောပါတယ်။ အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးလည်း ကိုဌေးကြွယ်က အခုလို ပြောပါတယ်။

“ဒီလိုဗျ။ အခုချိန်မှာ ကျန်နေသေးတယ် ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားတွေက လက်နက်မှုတွေနဲ့ ပတ်သက်နေတယ်ပေါ့ဗျာ။ လက်နက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အကျဉ်းသား ဆိုတာကလည်း မြန်မာနိုင်ငံမှာက ပြည်တွင်းစစ်က တောက်လျှောက် ဖြစ်ခဲ့တာပဲ။ ဒီပြည်တွင်းစစ် တောက်လျှောက်ကာလမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒါက ရှောင်လွှဲလို့မရတဲ့ကိစ္စတွေပါ။ တကယ်တမ်းကတော့ နိုင်ငံရေးအရ ပဋိပက္ခတွေ ရှိနေတဲ့အတွက် ဒီလို လက်နက်ကိုင်မှုတွေ ပေါ်ပေါက်လာတာပါ။ ဒါတွေကို အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အခြေအနေမှာ ထောင်ထဲမှာရှိနေတဲ့သူတွေကိုတော့ စိုးရိမ်စရာ မရှိပါဘူး။ တကယ်တမ်းကတော့ အားလုံးကို နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ သူတွေအားလုံးကို ပုဒ်မတွေ ခွဲမနေတော့ဘဲ လွှတ်ပေးသင့်တယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ပြောတာပါ။”

တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ၈၈ မျိုးဆက် ကျောင်းသာတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ လွှတ်တော် ၂ ရပ် ပူးပေါင်းဆောင်ရွက်ရေး မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ အမေရိကန် လွှတ်တော်ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့ပါတယ်။

XS
SM
MD
LG