သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ပိတ်ဆို့မှု အားလုံးရုပ်သိမ်းရေး အမေရိကန်အဆင်သင့်မဖြစ်သေး


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရှင်တန်ဒီစီမြို့တော်ကို ရောက်တော့မယ့်အချိန်နဲ့ တိုက်ဆိုင်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောကြားလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်လာတဲ့အခါ လက်ရှိ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် အရေးယူမှုတွေ အားလုံး ပြန်လည် ရုပ်သိမ်းပေးမလားဆိုတဲ့ မေးခွန်းတွေ မြန်မာ့အရေး စိတ်ဝင်စားသူတွေအကြား ထွက်ပေါ်နေတာပါ။

လက်ရှိ အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ မြန်မာစစ်ခေါင်းဆောင်ဟောင်းတွေ၊ စစ်တပ်အသိုင်းဝိုင်းနဲ့ နီးစပ်သူတွေ၊ ခရိုနီတွေအပေါ် ပစ်မှတ်ထား အရေးယူထားတဲ့ ပိတ်ဆို့မှုတွေ ဖြစ်တာကြောင့် အခုချိန်မှာ ပြန်မရုပ်သိမ်းသင့်သေးဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့အစည်းတွေက သမ္မတ Barack Obama အစိုးရကို တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၃ ရက်၊ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပိတ်ဆို့မှုတွေ ပြန်ရုပ်သိမ်းပေးရေးကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ သဘောထားကို လက်ထောက်ပြောခွင့်ရ Mark Toner က အခုလို ရှင်းပြခဲ့ပါတယ်။

“စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးတယ်ဆိုတာဟာ မြန်မာအစိုးရဘက်က ဒီမိုကရေစီအရေး ပြုပြင် ပြောင်းလဲမှုတွေ ရှိလာနေတယ်လို့ ကျနော်တို့ဘက်က ယူဆတဲ့အခါမှာ ရုပ်သိမ်းပေးတာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူထားမှု အားလုံးကို ပြန်ရုပ်သိမ်းပေးဖို့ ကျနော်တို့ဘက်က အဆင်သင့် မဖြစ်သေးပါဘူး။ တချို့ကတော့ ဆက်ကျန်နေဦးမှာ ဖြစ်ပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ အသုံးကျတယ်လို့ ကျနော်တို့ဘက်က ယူဆသ၍ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကို ဆက်ထားခွင့် ကျနော်တို့မှာ ရှိပါတယ်။ လူ့အခွင့်အရေးကိစ္စ၊ မြန်မာနိုင်ငံမှာ ပိုမိုပြည့်စုံပြီး အင်အား တောင့်တင်းတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖြစ်ကြမှာပါ။ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရှိလာနေတယ်ဆိုတာ မှန်ပေမဲ့ လုပ်ဆောင်စရာတွေလည်း အများကြီး ကျန်နေပါသေးတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်းမှာ အဲဒီကိစ္စတွေကို အလေးပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၃ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုကို အတိုက်အခံ ခေါင်းဆောင်အဖြစ်နဲ့ တခေါက်ရောက်ခဲ့ပေမဲ့ အခုတကြိမ်ကတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးနဲ့ နိုင်ငံတော်အကြီးအကဲ တဦးအဖြစ်နဲ့ လာရောက်ခြင်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာကို လှိုက်လှဲစွာ ကြိုဆိုကြောင်း Mark Toner က ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး ဒီမိုကရေစီနည်းလမ်းနဲ့အညီ အောင်မြင်တဲ့ အစိုးရအပြောင်းအလဲတွေ လုပ်ဆောင်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ပထမဆုံးအကြိမ် လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်ကို ကျနော်တို့ လှိုက်လှဲစွာ ကြိုဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံသားတွေအတွက် အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကတော့ ပြောင်းလဲမသွားပါဘူး။ လူတိုင်း သဟဇာတ မျှတစွာနဲ့ အတူလက်တွဲ နေထိုင်နိုင်တဲ့၊ လူတဦးချင်းစီရဲ့ အခွင့်အရေးတွေကို ပြည့်ဝစွာ အသုံးချခွင့်ရှိတဲ့၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာတာကို မြင်ချင်ပါတယ်။ ကျနော်တို့ရဲ့ နှစ်နိုင်ငံအကြားမှာ ရင်းနှီးတဲ့ ဆက်ဆံမှုရှိအောင် ကြိုးစား လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကို ရောက်လာမယ့် စက်တင်ဘာလ ၁၃ ရက်နေ့မှာပဲ အမေရိကန် အထက်လွှတ်တော်က အထင်ကရ အမတ်တွေဖြစ်ကြတဲ့ ရီပတ်ဘလစ်ကန်ပါတီက အာရီဇိုးနားပြည်နယ် အထက်လွှတ်တော်အမတ် John McCain နဲ့ ဒီမိုကရက်ပါတီက Maryland ပြည်နယ် အထွက်လွှတ်တော်အမတ် Ben Cardin တို့ ၂ ဦးက - မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းကာလမှာ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရေး အပါအဝင် မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အကဲစမ်းမှုတွေကို အကူအညီပေးရည်ရွယ်ပြီး “၂၀၁၆ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာ ဥပဒေကြမ်း” - လို့ အမည်ပေးထားတဲ့ အချက် (၅) ချက်ပါ ဥပဒေကြမ်းတခုကို လွှတ်တော်မှာ တင်သွင်းခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ Barack Obama နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းမှာတော့ နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေ့လည်စာ အတူစားသုံးမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၅ ရက်၊ ကြာသပတေးနေ့ နေ့လည်ပိုင်းမှာတော့ အမေရိကန် လွှတ်တော်အဆောက်အဦးအတွင်းမှာ ကျင်းပမယ့် ဧည့်ခံပွဲကို တက်ရောက်မှာဖြစ်ပြီး ညနေပိုင်းမှာတော့ US Chamber of Commerce စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအဖွဲ့နဲ့ US – ASEAN Business Council အမေရိကန် အာဆီယံ စီးပွားရေးကောင်စီအဖွဲ့တို့ ပူးတွဲ ကျင်းပတဲ့ ဂုဏ်ပြု ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG