သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ကုန်သွယ်ရေး အထူးခံစားခွင့်ရဖို့ မြန်မာ မျှော်လင့်


သမ္မတနှစ်ဦး အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)
သမ္မတနှစ်ဦး အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၂၀ မေ ၂၀၁၃)
အမေရိကန်နဲ့ မြန်မာနိုင်ငံတို့ကြား ဆက်ဆံရေးတွေ တိုးမြှင့်လာနေတာနဲ့အမျှ ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းပြည်တွေအတွက် အမေရိကန် ပြည်ထောင်စုက ပေးအပ်လေ့ရှိတဲ့ ကုန်သွယ်မှု အထူးခံစားခွင့်တွေ ရရှိနိုင်ဖို့ မြန်မာနိုင်ငံဘက်က မျှော်လင့်နေပါတယ်။

Generalized System of Preferences (GSP) လို့ ခေါ်တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေး ပေးသင့် မသင့် အတွက်လည်း အင်္ဂါနေ့ကပဲ ဝါရှင်တန် မြို့တော်မှာ ကြားနာပွဲတစ်ခု ပြုလုပ်ခဲ့ပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

မြန်မာအစိုးရရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်စိုး ကတော့ မြန်မာအစိုးရရဲ့ လိုလားချက်ကို အမေရိကန်က လက်ခံလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အင်္ဂါနေ့က ကြားနာပွဲမှာ တက်ရောက်ခဲ့ကြတဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး လှုပ်ရှားသူ တချို့ကတော့ အမေရိကန် အစိုးရအနေနဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု ခိုင်ခိုင်မာမာ မရှိသေးတဲ့အတွက် အထူး အခွင့်အရေးတွေ မပေးသင့်ဘူးလို့ တိုက်တွန်းခဲ့ကြတာပါ။

လတ်တလောမှာတော့ အမေရိကန် ပြည်ထောင်စုက GSP အဆင့်အဖြစ် နိုင်ငံတွေနဲ့ ဒေသပေါင်း ၁၂၇ ခုကို ကုန်သွယ်ရေး အထူး အခွင့်အရေး ပေးအပ်ထားတာဖြစ်ပြီး ဒီနိုင်ငံတွေအနေနဲ့ ကုန်ပစ္စည်း အမျိုးပေါင်း ၅၀၀၀ အထိ အကောက်ခွန်လွတ် တင်သွင်းခွင့် ရကြပါတယ်။

အမေရိကန် အစိုးရကတော့ ဒီအစီအစဉ်နဲ့ မြန်မာနိုင်ငံမှာ အလုပ်အကိုင်တွေ ဖန်တီးနိုင်ရေးနဲ့ ၂ နိုင်ငံ ကုန်သွယ်မှုတွေ တိုးမြှင့်ရေးမှာ အထောက်အကူ ပေးနိုင်မလားဆိုပြီး စဉ်းစားနေတာပါ။ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ မြန်မာနိုင်ငံကို GSP အဆင့်ပြန်လည် သတ်မှတ်မယ်ဆိုရင် မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်မှု မရှိကြောင်း အတည်ပြုချက် ရယူတာမျိုးလို သတ်မှတ်ချက်တွေ ပါဝင်သင့်တယ်လို့လည်း တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG