သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေး ကတိ အများစု အကောင်အထည်ဖော်ဖို့ မြန်မာပျက်ကွက်


အမေရိကန် အကြီးတန်းသံတမန်ဟောင်း Dr. Kurt Campbell
အမေရိကန် အကြီးတန်းသံတမန်ဟောင်း Dr. Kurt Campbell

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ၊ ကတိကဝတ်တွေကို မြန်မာအစိုးရအနေနဲ့ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ အမေရိကန် အကြီးတန်းသံတမန်ဟောင်းတဦးက ဝေဖန်ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထိစပ်ဆက်ဆံရေး မူဟာလည်း ကနဦးအားဖြင့် အစိုးရပိုင်းဆက်ဆံရေးဖြစ်ပြီး နောက်ပိုင်းအတွက်တော့ စိန်ခေါ်ချက်တွေ ရှိနေတယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell က ပြောခဲ့တာပါ။ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Kurt Campbell ဟာဆိုရင် အမေရိကန်ရဲ့ မြန်မာနိုင်ငံနဲ့ ထိစပ်ဆက်ဆံရေးမှုမှာ ပထမဆုံး ထိစပ်ဆောင်ရွက်ခဲ့ရတဲ့ အမေရိကန်အကြီးတန်းသံတမန်လို့ ပြောရမှာဖြစ်ပါတယ်။ သူ့လက်ထက်မှာပဲ အမေရိကန်နဲ့ မြန်မာအစိုးရချင်းဆက်ဆံရေး နီးနီးကပ်ကပ် ပြန်လည်စတင်ခဲ့သလို မြန်မာအပြောင်းအလဲတွေကို စတင်မြင်ခဲ့ရသူ အမေရိကန်သံတမန်လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ အနေနဲ့ ပြောထားတဲ့ ကတိကဝတ်တွေကိုတော့ ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘူးလို့ Mr.Campbell က ပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက အမေရိကန်ပြည်ထောင်စု Stimson နိုင်ငံတကာလေ့လာရေးဌာနမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

“အခုအချိန်အထိ နိုင်ငံရေး၊ ဆက်ဆံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးပိုင်းဆိုင်ရာတွေမှာ ပြောထားတဲ့ ကတိကဝတ်တွေ ပြီးပြတ်အောင် မလုပ်နိုင်သေးပါဘူး။ ဒါတွေနဲ့ပတ်သက်လို့ ရုန်းကန် ဆောင်ရွက်နေရဆဲလို့တော့ ပြောနိုင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ ၂၀၁၁ ကစတဲ့ သုံးနှစ်တာကာလ ပြုပြင်ပြောင်းလဲရေးအခြေအနေတွေကို Mr.Campbell က သုံးသပ်ခဲ့ရာမှာတော့ မြန်မာနိုင်ငံရဲ့ အပြောင်း အလဲဟာ ဒေသတွင်းမှာ အတော်လေး ထင်ရှားအရေးပါပေမယ့်လို့ ဒီအပြောင်းအလဲတွေကိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအခြေအနေနဲ့ စောင့်ကြည့် အကဲဖြတ်သွားရလိမ့်မယ်လို့ ပြောပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအခြေအနေနဲ့ ဒီအပေါ် အတိုက်အခံဒေါ်အောင်ဆန်းစုကြည်ဖက်က ဘယ်လို တုံ့ပြန်မလဲဆိုတာ အရေးကြီးတဲ့ အကဲစမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနဲ့ လက်ရှိဆက်ဆံရေးပိုင်းမှာ အမေရိကန်လွှတ်တော်ပိုင်းမှာ စိန်ခေါ်မှုတွေရှိနေပြီး အစိုးရချင်း ဆက်ဆံရေးကတော့ အဓိက ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။

“ကနဦးအားဖြင့် ထိစပ်ဆက်ဆံရေးပိုင်းဟာ အစိုးရဆက်ဆံရေးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတွေအနေနဲ့ အသွားအလာအများဆုံး နိုင်ငံ တနိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အပြုသဘောဆောင်ချက်ပါ။”

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် မူဝါဒချမှတ်ရာမှာ အရင်တုန်းကတော့ အမေရိကန်လွှွတ်တော်ပိုင်းနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက အဓိကလို ဖြစ်ခဲ့ပြီး၊ အခုဆိုရင်တော့ အမေရိကန်အစိုးရပိုင်းကိုယ်တိုင်က အဓိက ပါဝင်ပတ်သက်လာရတယ်လို့လည်း သုံးသပ်ပါတယ်။ စီးပွားရေးအရ ဆက်ဆံမှုပိုင်းမှာတော့ အမေရိကန်ရော ဥရောပက ကုမဏီတွေအတွက်ပါ အကန့်အသတ်တွေ စိုးရိမ်မှုတွေ ရှိနေတုန်းပဲလို့ ပြောပါတယ်။

“ဥပဒေပိုင်းအရရော စွမ်းအင်ဖူလုံရေး အလုပ်သမားရေး စတဲ့ ကိစ္စတွေမှာ တိုးတက်မှုမရှိသေးဘူးလို့ အမေရိကန်ကုမ္ပဏီအများစု ဥရောပကုမ္ပဏီ အများစုတို့က တွက်ဆထားပါတယ်။ လုပ်ငန်းကုမ္ပဏီတွေအနေနဲ့ အခက်အခဲ စိန်ခေါ်ချက်တွေ အေတော်များများ ရင်ဆိုင်ကြရပါတယ်။”

လက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများစုဟာ အာရှနိုင်ငံတွေနဲ့ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံတွေကဖြစ်ပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမှုနဲ့အတူဆောင်ရွက်ရမယ့် အနောက်နိုင်ငံကတွေတော့ ရင်းနှီးမြှုပ်နှံမှုတွေမှာ စိုးရိမ်မှုရှိနေတုန်းပဲလို့ ထောက်ပြခဲ့တာပါ။ တချိန်တည်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေနဲ့ပတ်သက်လို့တော့ ကနဦးအခုလက်ရှိမှာ အခက်အခဲရှိနိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ဆယ်စုနှစ်တွေနဲ့ ချီရှိခဲ့တဲ့ စီးပွားရေးပုံစံနဲ့ ခရိုနီလုပ်ငန်းရှင်ကြီးစိုးမှုတွေကို အချိန်ယူပြီးတော့ ဆောင်ရွက်ရလိမ့်မယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း သမ္မတအိုဘားမားအနေနဲ့ အခုလာမယ့် မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်အပါအဝင် စီးပွားရေး နိုင်ငံရေးဆိုင်ရာ ကိစ္စရပ် အတော်များများကို မေးခွန်းထုတ်ရလိမ့်မယ်လို့ Mr.Campbell က အကြံပြု ပြောဆိုပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟောင်း Kurt Campbell ဟာဆိုရင် အိုဘားမားအစိုးရရဲ့ Asia Pivot အာရှမူဝါဒနဲ့အတူ အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ သံတမန်ရေးလုပ်ငန်းတွေကို ကနဦး စတင်ခဲ့ရသူဖြစ်ပါတယ်။ အဲဒီအထဲ မြန်မာနိုင်ငံလည်း အပါအဝင်ပါ။ လက်ရှိ အမေရိကန်အစိုးရပို်င်းကတော့ မြန်မာနိုင်ငံရဲ့အပြောင်းအလဲကို အမေရိကန်အစိုးရရဲ့ မူဝါဒသစ် အောင်မြင်မှုတရပ်ဆိုပြီး အမြဲထောက်ပြပြောဆိုလေ့ရှိပါတယ်။ ဒါပေမယ့် အမေရိကန် လွှတ်တော်ပိုင်းမှာတော့ အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရကို သိပ်ပြီး လိုက်လျောလွန်းတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

XS
SM
MD
LG