သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအာဏာပိုင်တွေကို အမေရိကန်ဗီဇာပိတ်ပင်မှု ရုပ်သိမ်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဧပြီလ ၁၉ ရက်၊ ၂၀၁၃)။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (ဧပြီလ ၁၉ ရက်၊ ၂၀၁၃)။
အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ၁၉၉၆ ခုနှစ် အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်မှု သမ္မတထုတ်ပြန်ချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံနဲ့ပိုပြီး ထိစပ်ဆက်ဆံနိုင်ဖို့ အခုလိုဆောင်ရွက်တာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြပေးပါမယ်။

အမေရိကန်ပြည်ထောင်စုကို မြန်မာသမ္မတ ဦးသိန်းစိန် အခုမေလကုန်ပိုင်း လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ မြန်မာနိုင်ငံ အစိုးရအာဏာပိုင်တွေနဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ၁၉၉၆ ခုနှစ် သမ္မတထုတ်ပြန်ချက်ကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကနေ ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကြောင့်၊ ဒီအခြေအနေနဲ့အညီ အမေရိကန်-မြန်မာဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေဖို့ ရည်မှန်းပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ အရာရှိတဦးက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“၁၉၉၆ ခုနှစ် ဗီဇာပိတ်ပင်မှုလို့ အသိများတဲ့ သမ္မတရဲ့ထုတ်ပြန်ချက်ဟာ ဆက်ပြီး အသက်မဝင်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ဆုံးဖြတ်လိုက်ပါပြီ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အနှောက်အယှက်ပြုစေတဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေမှာ တာဝန်ရှိသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည်ထောင်စုတွင်း ဝင်ရောက်ခွင့်တွေ ပိတ်ပင်ထားတဲ့ သမ္မတထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်တာပါ။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ပိုင်းဖြတ်ချက်နဲ့ ဆောင်ရွက်နေချိန် မှာပဲ၊ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ အားကောင်းလာအောင် အမေရိကန်အစိုးရအနေရဲ့ ဟန်ချက်ညီညီ ဆောင်ရွက်ချက်ဖြစ်ပါတယ်။”

၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ဟာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် စစ်တပ်အရာရှိကြီးတွေ၊ အစိုးရဝန်ကြီးဌာနကပိုင်း ထိပ်ပိုင်းတာဝန်ရှိသူတွေ၊ အစိုးရဝန်ထမ်းတွေ၊ ပင်စင်စားတချို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို အမေရိကန်ပြည် လာလို့မရအောင် ပိတ်ပင်ထားတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်း ကတော့ မြန်မာနိုင်ငံက အပြောင်းအလဲတွေကြောင့် သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ပြုပြင်ပြောင်းလဲရေးမှာ အရေးပါတဲ့သူတချို့ကို အဲဒီစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပြီးသားပါ။

၁၉၉၆ ခုနှစ် Visa Ban မှာ ပါဝင်တဲ့ အမေရိကန်အစိုးရရဲ့ စိုးရိမ်ချက်တွေကို ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ မြန်မာအစိုးရအနေနဲ့ အတော်လေး ပြုပြင်ဆောင်ရွက် လာခဲ့တာမို့၊ အခုတော့ ၁၉၉၆ ခုနှစ် စာရင်းတခုလုံးကို ပယ်ဖျက်ပေး လိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိက ပြောပါတယ်။

“ဒီ ပြည်ပခရီးသွားလာခွင့် ကန့်သတ်ချက်ကို ၁၉၉၆ ခုနှစ်က ချမှတ်ခဲ့တာဖြစ်ပြီးတော့ မြန်မာနိုင်ငံထဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်မှုအပါအဝင် စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အပေါ်မှာ အရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီး အရပ်သားဦးဆောင်တဲ့ မြန်မာအစိုးရဟာ မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့ လူမှုရေး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆောင်ရွက်လာ ခဲ့ပါတယ်။ ဒါဟာ ၁၉၉၆ ခုနှစ်ထုတ်ပြန်ချက်ပါ စိုးရိမ်မှုတွေ၊ ဖော်ပြထားတဲ့ အချက်တွေအပေါ်မှာ တိုးတက်အောင်မြင်လာမှုပါ။ ပြုပြင်ပြောင်းလဲမှုတွေ ထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ မြန်မာလွှတ်တော်ထဲမှာ သူတို့ အောင်အောင်မြင်မြင် နေရာယူနိုင်ခဲ့တာတွေ ပါဝင်ပါတယ်။”

အခုလို ၁၉၉၆ ခုနှစ် Visa Ban ထုတ်ပြန်ချက်ကို ပယ်ဖျက်လိုက်ပေမဲ့လည်း အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ၁၉၉၇ ခုနှစ် အမျိုးသားအရေးပေါ် အက်ဥပဒေ၊ ၂၀၀၃ ခုနှစ် မြန်မာနိုင်ငံဒီမိုကရေစီနဲ့ လွတ်မြောက်ရေးအက်ဥပဒေ၊ ၂၀၀၈ ခုနှစ် JADE အရေးယူမှု ဥပဒေ၊ ၂၀၁၂ ခုနှစ် သမ္မတအမိန့်တွေအတိုင်း ကန့်သတ်ချက်တွေကတော့ ဆက်ပြီး အကြုံးဝင်နေဦးမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပစ်မှတ်ထားအရေးယူခဲ့တဲ့ စာရင်းတွေတော့ မပါသေးဘူးလို့ ဆိုရမှာပါ။
XS
SM
MD
LG