သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီး အခွင့်အရေး အမေရိကန်သံတမန် သွားရောက်ဆွေးနွေးမည်


အမေရိကန်ပြည်ထောင်စု နိုင်ငံတကာအမျိုးသမီးရေး ဆိုင်ရာ သံအမတ်ကြီး Melanne Verveer ဟာ မေလ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို လာရောက်မှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ မိန်းကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို အဓိကထား လေ့လာဆွေးနွေးမှာ ဖြစ်ပါတယ်။

သံအမတ်ကြီး Melanne Verveer ဟာ ရန်ကုန်မြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသမီးတွေ ဦးဆောင်တဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ သံအမတ်ကြီး Melanne Verveer ဟာ မြန်မာအစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အဆင့်မြင့် အစိုးရအရာရှိတွေနဲ့ တွေ့ဆုံပြီး ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အခွင့်အလမ်းတွေ အပါအဝင် မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘဝတိုးတက်ရေး နဲ့ အမျိုးသမီး အခွင့်အရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

သံအမတ်ကြီး Melanne Verveer ဟာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေမှာ အမျိုးသမီးတွေရဲ့အရေးပါတဲ့ အခန်းကဏ္ဍကို အလေးထားပြီး ဆွေးနွေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သံအမတ်ကြီး Verveer ဟာ ရှမ်းပြည်နယ်ကို သွားရောက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေး ကိစ္စတွေအပေါ် လူနည်းစု တိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသူတွေရဲ့အမြင်ကို လေ့လာဖို့ ရှိပါတယ်။

အဲဒီနောက်သံအမတ်ကြီး Verveer ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သွားရောက်ပြီး လူနည်းစု တိုင်းရင်းသားတိုင်းရင်းသူ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း ရှိပါတယ်။ အမျိုးသမီးတွေရဲ့ စွမ်းဆောင်နိုင်ရည် နဲ့ လုပ်ပိုင်ခွင့် တိုးတက်အောင် မြှင့်တင်နိုင်ရေးအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှု အစီအစဉ်ကို အဓိကထား လေ့လာဆောင်ရွက်မယ့် ဒီကိုယ်စားလှယ်အဖွဲ့မှာ အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေလည်း လိုက်ပါလာကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG