သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကန် ရင်းနှီးမြှုပ်နှံမှုတိုးဖို့ စိတ်ဝင်စား


UNFCCI က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel (ဓါတ်ပုံ- UMFCCI)
UNFCCI က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel (ဓါတ်ပုံ- UMFCCI)

မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာကဏ္ဍာတွေမှာ အမေရိကန် လုပ်ငန်းရှင်တွေဘက်က ရင်းနှီးမြှုပ်နှံဖို့ အထူးစိတ်ဝင်စားမှုရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြီးခဲ့တဲ့ သတင်းပတ်တွင်း UMFCCI ကုန်သည်စက်မှုအသင်းချုပ်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိနေတဲ့ မြန်မာနိုင်ငံမှာ ထိုးဖောက်ဝင်ရောက်ဖို့ အမေရိကန်လုပ်ငန်းရှင်တွေဘက်က ပြင်ဆင်မှုတွေရှိနေကြောင်းလည်း အမေရိကန်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တာဝန်ရှိသူတွေဘက်က ပြောပေမယ့် အခုချိန်ထိ အလုံးအရင်းနဲ့ ဝင်ရောက်လာနိုင်ခြင်းမရှိသေးတာ ဘာကြောင့်ပါလဲ။ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်လုပ်ငန်းရှင်တွေအတွက် အဓိက အတားအဆီးစိန်ခေါ်မှုတွေ ဘာတွေရှိနေလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ဟာ ရန်ကုန်မြို့က UMFCCI ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အမေရိကန်-မြန်မာ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး အလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းဆိုင်ရာတွေမှာ အမေရိကန်ဘက်က အထူးစိတ်ဝင်စားသလို၊ ဒီလုပ်ငန်းတွေ တိုးတက်အောင် မြှင့်တင်နိုင်ဖို့အတွက်လည်း အမေရိကန်ဘက် ကူညီပေးဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကုမ္ပဏီဥပဒေသစ် ပြဌာန်းလိုက်တဲ့အတွက်၊ ဖက်စပ်ရင်းနှီးမြှုပ်နှံရေးမှာလည်း အခွင့်အလမ်းတွေ ပိုပြီးပွင့်လာတယ်လို့ မြန်မာ့စီးပွားရေး အကဲခပ်တွေက သုံးသပ်ကြပါတယ်။ ဒါအပြင် အာရှဒေသတွင်း ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတွေထဲ မြန်မာဟာ နောက်ဆုံး တိုးတက်မှုအလားအလာအရှိဆုံး ဈေးကွက်စီးပွားရေး ဖြစ်လာနေတာ စတဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေဘက်က မြန်မာနိုင်ငံမှာ ခြေစုံပစ် ဝင်ဖို့ အခက်အခဲတွေရှိနေဆဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာကတော့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ မြန်မာစီမံခန့်ခွဲရေးမှူး ကိုလှဘုန်းမြင့်က အခုလိုရှင်းပြပါတယ်။

“ဖြေ။ ။ အဓိကအခက်အခဲကတော့ reputational risk ပေါ့နော် ကျနော်တို့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အရေးတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက မြန်မာနိုင်ငံကို ဖိအားပေးမှုတွေ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုအလားအလာတွေ ဖြစ်ဖို့အကြောင်းအရင်းတွေ တွေ့လာတယ်။ တွေ့လာတဲ့အခါမှာ ကျနော်တို့ multinational company တွေက မြန်မာနိုင်ငံတနိုင်ငံထဲတင်မဟုတ်ဘူး အာဆီယံတခုတည်းမှာပါ သူတို့လုပ်ရတာမဟုတ်ဘူးလေ။ သူတို့ လုပ်ရတဲ့နိုင်ငံတွေက တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတွေမှာပါ လုပ်ရတာဆိုတော့ အထူးသဖြင့် မြန်မာနိုင်ငံက နိုင်ငံတကာ ရပ်ဝန်းမှာ ရခိုင်အရေး ဘင်္ဂါလီအရေးနဲ့ ငြိစွန်းနေတဲ့အချိန်မှာ Political tension အရမ်းများတဲ့အတွက် သူတို့လုပ်ငန်းတွေက မြန်မာနိုင်ငံတခုတည်းတင်မဟုတ်ဘူး တခြားနိုင်ငံတွေမှာပါ ဂယက်ရိုက် မှာကြောက်တဲ့အတွက် လောလောဆည်မှာတော့ ခြေစုံပစ်ပြီးမဝင်သေးတာဖြစ်တယ် အဲဒါနံပတ်၁။

နံပတ် ၂ ကတော့ human capacity လုပ်ဆောင်နိုင်တဲ့ လူစွမ်းအားအရင်းအမြစ်နည်းနေသေးတာ ဒါက လည်းအချိန်နဲ့ ပြောင်းလဲသွားမှာ ကျနော်တို့ ယုံကြည်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အမေရိကန်လုပ်ငန်းရှင်တွေ ဘက်ကပြင်ဆင်တဲ့ အနေနဲ့ ကောင်စီအဖွဲ့လိုမျိုး ဖွဲ့စည်းထားတာလည်း ရှိတယ်ဆိုတော့ အဓိက အဲဒီအဖွဲ့အစည်းက ဘာတွေလုပ်နေလဲရှင့်။

ဖြေ။ ။နိုင်ငံပေါင်းစုံက မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပါဝင်ပြီးတော့ ပတ်သက်နေတာ ကျနော်တို့လည်း သိတဲ့အတိုင်းပဲ တရုတ်ဆိုလည်း one belt one road နဲ့ လမ်းပန်းဆက်သွယ်ရေးတွေမှာ ပံ့ပိုးတာတွေရှိမယ်။ ဂျပန်ဆိုလည်း Jica တို့နဲ့ ပေါင်းပြီးတော့ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုမှာရော လမ်းပန်းဆက်သွယ်ရေးတွေမှာရော ၊ ကိုရီးယားဆိုရင်လည်း သူ့အလျောက်ပေါ့နော်။ အဲဒီအချိန်မှာ အမေရိကန်လုပ်ငန်းတွေက ပြန်သုံးသပ်တဲ့အခါမှာ သူတို့ အားသာချက်ပေါ့ တရုတ်၊ဂျပန်နဲ့ ယှဉ်ပြီး အားသာချက်က ဘာလဲ၊ လောလောဆည်မှာ AIP က သူဘတ်ဂျက် ချထားတာနဲ့အရ ငွေပိုက်ပြီးတော့ ကြိုက်တဲ့နိုင်ငံကို ဝင်လာလို့ရတဲ့အခြေအနေမှာ ကျနော်တို့က လမ်းပန်းတံတားဆောက်တဲ့နေရာမှာ သူတို့နဲ့ ပြိုင်နိုင်တယ် သူတို့ထက်သာတာကတော့ အမေရိကန်ကုမ္ပဏီတွေရဲ့ နည်းပညာ ကတော့ ဘယ်နိုင်ငံနဲ့မှ ယှဉ်လို့မရဘူး။ အဲဒီ နည်းပညာအားသာချက်ကို ဘယ်လိုအသုံးချမလဲ ဆိုတာ စဉ်းစားတဲ့အခါမှာ အဓိက အကြီးဆုံးနည်းပညာကုမ္ပဏီတွေကို စုပြီးတော့ ကျနော်တို့ အမေရိကန် အာဆီယံ စီးပွားရေးကောင်စီက US ICT council for Myanmar လို့စုပြီးတော့ တည်ထောင်လိုက်တယ်။ ထူထောင်ပြီးတော့ ကျနော်တို့ မြန်မာပြည်မှာ ပြီးခဲ့တဲ့နှစ်က ပထမဦးဆုံး ရုံးခွဲစဖွင့်ပါတယ်။ ရုံးခွဲစဖွင့်ဖွင့်ချင်းမှာ နိုဝင်ဘာလောက်မှာ UNFCCI နဲ့ နားလည်မှု စာချွန်လွှာထိုးတယ်။ ထိုးပြီးတော့ ဦးစွာပထမ မြန်မာနိုင်ငံ စွံ့ဦးတီထွင်သူ လူငယ်လုပ်ငန်းရှင်တွေကို ဘယ်လိုမျိုးနည်းပညာကို သုံးပြီးတော့ သူတို့ ကုန်ပစ္စည်း၊ သူတို့ Technology အဲဒါကို စစချင်း အာဆီယံဈေးကွက်အတွက် သူများနိုင်ငံနဲ့ ယှဉ်ပြီးတော့ နည်းပညာသုံးပြီးတော့ ဖြန့်ဖြူးမလဲဆိုတာကို ကျနော်တို့ Training သဘောနဲ့ရော ကုမ္ပဏီ တွေ ချိတ်ပေးတာတွေရော ဖွံ့ဖြိုးတိုးတက်မှု agenda ပါပြီးတော့ ကူညီဆောင်ရွက်နေပါတယ်။

မေး။ ။ အဲဒီနေရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရှိနေတဲ့ တရုတ်ကို အမေရိကန်လုပ်ငန်းရှင်တွေဘက်က ကျော်လွှားနိုင်မယ့် အလားအလာ ဘယ်လိုရှိလဲရှင့်။

ဖြေ။ ။ ကျနော်တို့ ခုနက ပြောသလိုပေ့ါနော် အမေရိကန်လုပ်ငန်းတွေက ဝင်လာပြီဆိုရင်လည်း သူတို့ အလုံးအရင်းနဲ့ ဝင်တယ်။ လောလောဆည်မှာတော့ နိုင်ငံရေးအကျပ်အတည်း၊ နိုင်ငံတကာ Pressure ၊ စီးပွားရေးပိတ်ဆို့မှု sanction တွေ ဖြစ်လာမလာ ကြားထဲမှာ အချိန်ကာလ အတိုင်းအတာတခု စောင့်ကြည့်နေတယ်။ အဲဒီဟာ ကျော်လွန်သွားရင်တော့ အမေရိကန်လုပ်ငန်းတွေက ဝင်လာပြီဆိုရင် တရုတ်လည်း လိုက်မမှီပါဘူး ။ ကျနော်တို့ အမေရိကန်လုပ်ငန်း၁၀၀ ရာခိုင်နှုန်းအကုန်လုံးက နိုင်ငံတခုကို ဝင်လာပြီဆိုရင် တာဝန်သိသော လုပ်ထုံးလုပ်စဉ်နဲ့အညီလုပ်တယ်။ တရုတ်လုပ်ငန်းတွေနဲ့ လောလောဆည် ငွေမရှင်နိုင်ရင်တောင်မှ လုပ်ငန်းကျင့်ဝတ်နဲ့ယှဉ်ရင် ဘယ်နေ့ပြောပြော သာတယ်လို့ ပြောချင်ပါတယ်။

အခုအသစ်ပြဌာန်းလိုက်တဲ့ မြန်မာ ကုမ္ပဏီဥပဒေသစ်အရ နိုင်ငံခြားကဝင်လာမယ့် ကုမ္ပဏီကြီးတွေအနေနဲ့ ၁၀၀% ပိုင်ဆိုင်မှုမရှိပေမယ့်လည်း ၃၅% ပါဝင်ပြီးတော့ ပြည်တွင်းက ကုမ္ပဏီတွေနဲ့ တွဲဖက်လုပ်ကိုင်လို့ရတဲ့ အခွင့်အလမ်းတွေ ပွင့်လာပြီဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးရှိနေတဲ့ တရုတ်က ၂၅ %၊ အမေရိကန်က ဝ.၅၅% ပဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG