ခိုလှုံခွင့်လျှောက်ဖို့အတွက် အမေရိကန်-ကနေဒါ နယ်စပ်တလျှောက် တရားမဝင် ဖြတ်ကျော်တဲ့ နေရာတွေကနေ ခိုးဝင်တာကို ဟန့်တားရေး လူဝင်မှုကြီးကြပ်ရေး သဘောတူချက်ကို၊ သမ္မတ Joe Biden နဲ့ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့ မနေ့ကပဲ ပူးတွဲ ကြေညာလိုက်တာပါ။ Ottawa မြို့တော်မှာ ကျင်းပတဲ့ ခေါင်းဆောင်နှစ်ဦးရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သမ္မတ Biden က မြောက်အမေရိကားဒေသမှာ သမိုင်းဝင် မြင့်တက်လာတဲ့ လူဝင်မှုပြဿနာကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့အကြောင်း ပြောပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်အရ တနိုင်ငံချင်းစီအနေနဲ့ တရားမဝင် နယ်စပ်ဖြတ်တဲ့ နေရာတွေကတဆင့် ရောက်လာတဲ့ ခိုလှုံခွင့်လျှောက်သူတွေကို ပြန်မောင်းထုတ်နိုင်တော့မှာပါ။ အခုလို လုပ်နိုင်တာကနေ အမေရိကန်ကို နေရာပေါင်းစုံက ဝင်လာပြီး၊ ကနေဒါနိုင်ငံထဲ ဆက်ဝင်ဖို့ ကြိုးစားတဲ့သူတွေ များလာနေတာကို ကန့်သတ်နိုင်မှာဖြစ်ပြီး ကနေဒါအတွက် အထောက်အကူ ဖြစ်စေဖို့ ရည်မှန်းထားပါတယ်။
အရင်က လူဝင်မှုကြီးကြပ်ရေး သဘောတူချက်အရ တရားဝင်ဂိတ်တွေမှာ ခိုလှုံခွင့်လျှောက်သူတွေကို ငြင်းပယ်ပြန်မောင်းထုတ်တာမျိုး နှစ်ဘက်လုံးက လုပ်နိုင်ပေမဲ့၊ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ နေရာတွေမှာတော့ ပြန်ပို့လို့ မရပါဘူး။ အခုနောက်ဆုံး သဘောတူညီချက်အရကတော့ တရားမဝင် ဝင်လာသူတွေကိုပါ ပြန်ပို့နိုင်ခွင့် ဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
နယူးယောက်ပြည်နယ်နဲ့ Quebec ပြည်နယ်အကြား Roxham တောလမ်းကနေ အများဆုံးဖြတ်ပြီး ကနေဒါနိုင်ငံထဲ ဝင်လာသူတွေ သိသိသာသာ ပိုများလာနေတာကို ဟန့်တားကိုင်တွယ်ဖို့ ကနေဒါဝန်ကြီးချုပ် Trudeau နိုင်ငံတွင်း ဖိအားပေးခံနေရချိန်မှာ အခုလို သဘောတူညီချက် ထွက်လာတာပါ။
==== Unicode ====