သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော် သေနတ်ပစ်ခတ်မှုဖြစ်ပွား


Britaniya
Britaniya

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ လွှတ်တော် အဆောက်အဦးရဲ့ ဧည့်ကြိုခန်းမ အတွင်းမှာ တနင်္လာနေ့က သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လွှတ်တော် အဆောက်အဦးနဲ့ အိမ်ဖြူတော်တို့ကို ခေတ္တ ပိတ်ထားလိုက်ရပါတယ်။ ဒီဖြစ်ရပ်အတွင်း သေနတ်သမားတစ်ဦးကို ထိမ်းသိမ်းထားလိုက်ပေမယ့်၊ ဒါဟာ လူတစ်ဦးတည်းက ကျူးလွန်တဲ့ ရာဇဝတ်မှုတစ်ခုဆိုတာထက် မပိုဘူးလို့ လွှတ်တော်ရဲ့ လုံခြုံရေးတပ်ဖွဲ့ အကြီအကဲဖြစ်သူက ပြောခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံကို ကိုရဲခေါင်က ပြောပြပါမယ်။

မနေ့က ဒေသစံတော်ချိန် နေ့လည် ၂နာရီခွဲလောက်မှာ အမေရိကန် လွှတ်တော် အဆောက်အဦးရဲ့ ဧည့်ကြိုခန်းမ အဝင်မှာ လူတစ်ဦးဟာ လုံခြုံရေး အစစ်ဆေး ခံနေစဉ် အတွင်း သေနတ်တစ်လက်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေရှိရာကို ချိန်ရွယ်ခဲ့တယ်လို့ လွှတ်တော် ရဲတပ်ဖွဲ့ အကြီးအကဲ Matthew Verderosa က တနင်္လာနေ့ ညနေမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ အဲဒီသူဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတာကြောင့်၊ အခုအချိန်မှာ ဆေးရုံတင်ပြီး၊ ခွဲစိတ်ကုသမှု ခံယူနေတယ်လို့ သူက ပြောပါတယ်။

“ဒီနေ့ နေ့လည် ၂နာရီ၃၉ မိနစ်လောက်မှာ လူတစ်ဦးဟာ လွှတ်တော် ဧည့်ကြိုခန်းမ ရဲ့ မြောက်ဘက် လုံခြုံရေး စစ်ဆေးတဲ့နေရာကို ရောက်လာခဲ့ပါတယ်။ ပုံမှန် လုံခြုံရေး စစ်ဆေးမှုတွေ လုပ်နေစဉ်အတွင်းမှာ အဲဒီသူက သေနတ်လို့ ယူဆရတဲ့ အရာတစ်ခုကို ဆွဲထုတ်လိုက်ပြီး၊ ရဲတပ်ဖွဲ့ဝင်တွေကဘက်ကို ချိန်ရွယ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက အဲဒီသူကို ပစ်ခတ်လိုက်တာ ထိမှန်သွားပြီးတဲ့နောက်၊ အရေးပေါ် ဆေးတပ်ဖွဲ့ဝင်တွေက သူ့ကို ကုသမှုပေးခဲ့ပါတယ်။ အဲဒီနောက် အဲဒီ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိခံရသူကို ဆေးရုံကို ပို့ဆောင်ပြီး ကုသမှုပေးခဲ့ပါတယ်။ အခုအချိ်န်မှာ သူ့ကို ခွဲစိတ်ကုသပေးနေပြီး၊ သူရဲ့ အခြေအနေကိုတော့ မသိရသေး ပါဘူး။ သေနတ်တစ်လက်ကို အခင်ဖြစ်ပွားရာ နေရာက သိမ်းဆည်း ရမိခဲ့ပါတယ်။ ”

အဲဒီ ပစ်ခတ်မှု ဖြစ်ပွားခဲ့ချိန်မှာ၊ လွှတ်တော်အဆောက်အဦး ထဲမှာ ရောက်နေသူတွေကို ဘေးလွတ်ရာမှာ ပုန်းအောင်းနေကြဖို့ သတိပေးချက် ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေက လွှတ်တော် အဆောက်အဦး နဲ့ ပရဝဏ်အတွင်းကို ဘယ်သူမှ ထပ်ပြီး ဝင်ရောက်ခွင့်မပြုပဲ ပိတ်ထားလိုက်ပြီး၊ ခန့်မှန်းခြေ နေ့လည် ၃နာရီ ၄၀ မိနစ်လောက်မှာ ပိတ်ထားတာကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ အခုအချိန်မှာ ဧည့်ကြိုခန်းမ ကလွဲလို့ ကျန်တဲ့ လွှတ်တော် အဆောက်အဦးအားလုံးကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ လွှတ်တော် ရဲတပ်ဖွဲ့ အကြီးအကဲ Verderosa က ပြောပါတယ်။

အဲဒီဖြစ်ရပ်အတွင်း အနားမှာ ရပ်နေတဲ့ အသက် ၃၅နဲ့ ၄၅နှစ်ကြားအရွယ် အမျိုးသမီးတစ်ဦးလည်း မပြင်းထန်ဘူးလို့ ယူဆရတဲ့ ဒဏ်ရာတွေ ရသွားတဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်မှု မရှိခဲ့ပဲ၊ ဒါဟာ သာမန် ရာဇဝတ်မှုတစ်ခုဆိုတာထက် မပိုဘူးလို့ လွှတ်တော် ရဲတပ်ဖွဲ့ အကြီးအကဲ Verderosa က ပြောပါတယ်။

”ဒါဟာ လူတစ်ဦးတစ်ယောက်တည်းက ကျူးလွန်တဲ့ လုပ်ရပ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သံသယရှိခံရသူဟာ လွှတ်တော်အဆောက်အဦးကို အရင် ကလည်း လာရောက်ခဲ့ဘူးပါတယ်။ ဒီဖြစ်ရပ်ဟာ ရာဇဝတ်မှုတစ်ခုဆိုတာထက် ပိုတယ်လို့ ယူဆစရာ အကြောင်း ပြချက်မရှိပါဘူး။”

အဲဒီသူဟာ တင်နက်ဆီပြည်နယ်ကလာသူဖြစ်တယ်လို့ သတင်းတွေ မှာ ဖော်ပြကြပေမယ့်၊ ရဲတပ်ဖွဲ့ဝင်တွေဟာ သံသယရှိသူရဲ့ နာမည်ကို ထုတ်ပြန် ပေးခြင်း မရှိသေးပါဘူး။

တစ်ချိန်ထဲမှာပဲ သမ္မတ အိမ်ဖြူတော်မှာ တစုံတရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေမယ့် အိမ်ဖြူတော်ကိုလည်း ပိတ်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တနင်္လာနေ့က Easter ပွဲတော် အားလပ်မို့ လွှတ်တော်ရပ်နားထားပေမယ့် အခုအချိန်ဟာ မြို့တော် ဝါရှင်တန် ဒီစီ မှာ ချယ်ရီပန်းပွဲတော် ကျင်းပချိန် ဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား ရောက်ရှိနေတဲ့ အချိန် ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က လွှတ်တော်အတွင်း အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် လွှတ်တော်လုံခြုံရေး အရာရှိ ၂ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အပြီး လွှတ်တော်အနေနဲ့ လာရောက် လေ့လာကြသူတွေအတွက် လူ ၄,၀၀၀ လောက် ဆန့်တဲ့ ဧည့်ကြိုခန်းမ အသစ်ကို လွှတ်တော် မြေအောက်ထပ်မှာ တိုးချဲ့တည်ဆောက်ပြီး လုံခြုံရေးကိုလည်း တိုးမြင့်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။

XS
SM
MD
LG