သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စစ်သင်္ဘောကြီး မုန်တိုင်းကယ်ဆယ်ရေး ကူညီဖို့ ဖိလစ်ပိုင်ကိုထွက်ခွာ


ပြင်းထန်တဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အကူအညီပေးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ USS George Washington အမေရိကန်လေယာဉ်တင် စစ်သင်္ဘောကြီးဟာ အခု ဖိလစ်ပိုင်နိုင်ငံကို ဦးတည် ခုတ်မောင်းနေပါတယ်။ ဖိလစ်ပိုင်မှာတော့ Haiyan တိုင်ဖုန်းမုန်တိုင်းကြောင့် လူပေါင်းသောင်းဂဏန်း သေဆုံးဖွယ်ရှိပြီး လူပေါင်း သိန်းဂဏန်းဟာ အိုးအိမ်တွေဆုံးရှုံးပြီး ဘေးဒုက္ခ ရောက်နေကြပါတယ်။

USS George Washington စစ်သင်္ဘောအုပ်စုဟာ အခု ဗုဒ္ဓဟူးနေ့မှာ ဖိလစ်ပိုင်ကို ရောက်ရှိလိမ့်မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ George Little က ပြောပါတယ်။ လေယာဉ်တင် သင်္ဘောကြီးပေါ်မှာတော့ သင်္ဘောသား ၅ ထောင်နဲ့ လေယာဉ်အစင်း ၈၀ ပါရှိပါတယ်။

သူတို့အနေနဲ့ ဖိလစ်ပိုင်က ဒုက္ခသည်တွေအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ပံ့တဲ့ အစားအစာ၊ ရေ၊ ဆေးဝါး၊ နေစရာ အမိုးအကာနဲ့ အခြား သန့်စင်ရေး ပစ္စည်းပစ္စယတွေကို အကူအညီပေးသွားဖို့ ရှိပါတယ်။ အဲဒီသင်္ဘောဟာ တနေ့တနေ့ကို ရေသန့် ဂါလံ ၄ သိန်းကျော်အထိ ထုတ်လုပ်ပေးနိုင်တယ်လို့ ပင်တဂွန်က ပြောပါတယ်။

ဖိလစ်ပိုင်မှာတော့ အင်္ဂါနေ့အထိ အတိအကျရတဲ့ တရားဝင် သေဆုံးတဲ့ ကိန်းဂဏန်းဟာ ၁၇၇၄ ဦး ရှိသွားပါပြီ။ ဒေသခံ ဖိလစ်ပိုင် တာဝန်ရှိသူတွေကတော့ သေဆုံးတဲ့အရေအတွက်ဟာ တသောင်းကျော်မယ်လို့ ခန့်မှန်းထားကြတာပါ။ ဒါပေမဲ့လည်း CNN နဲ့ မေးမြန်းခန်းတခုမှာတော့ သေဆုံး တဲ့အရေအတွက်ဟာ ဒီထက်ပိုနိုင်ပြီး၊ အခုဆိုရင် တရားဝင် သေဆုံးစာရင်းဟာ ၂ ထောင်နဲ့ ၂ ထောင့် ၅ ရာကြားမှာ ရှိမယ်လို့ ဖိလစ်ပိုင် သမ္မတ Benigno Aquino က ပြောခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက ဘေးဒုက္ခသင့် ပြည်သူတွေအတွက် အကူအညီဒေါ်လာ ၃၀၁ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်း စာနာအကူအညီပေးရေး အကြီးအကဲ Valerie Amos က အင်္ဂါနေ့မှာ ပြောပါတယ်။ နိုင်ငံတကာ အကူအညီတွေ အတော်လေး အားကောင်းပေမဲ့ လိုအပ်နေတုန်းပဲလို့ သူက မှတ်ချက်ပြုပါတယ်။
XS
SM
MD
LG