သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအမျိုးသမီးသူလျို စွဲချက်တင်ခံရ


Maria Butina's profile photo as seen on her Twitter account.
Maria Butina's profile photo as seen on her Twitter account.

၂၀၁၆ သမ္မတ ရွေးကောက်ပွဲ မတိုင်မီ အမေရိကန်နိုင်ငံရေးကို လွှမ်းမိုးဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ ပတ်သက်ပြီး နိုင်ငံခြားအစိုးရရဲ့ ထောက်လှမ်းရေး သူလျှိုအဖြစ် အမေရိကန်ပြည်ထောင်စုအတွင်း တရားမဝင် လုပ်ကိုင်နေတဲ့ စွဲချက်အပြင် ပူပေါင်းကြံစည်မှု စွဲချက်နဲ့ ရုရှား အမျိုးသမီးတဦးကို ပြည်ထောင်စု တရားခုံရုံးက အင်္ဂါနေ့က တရားဝင် စွဲချက်တင်လိုက်ပါတယ်။

NRA ခေါ် အမေရိကန် ရိုင်ဖယ်အသင်းကြီးနဲ့ ရင်းနှီးမှုရှိပြီး သေနတ်ကိုင်ဆောင်ခွင့် အားပေးထောက်ခံတဲ့ Maria Butina ဟာ ဥပဒေအရ ရှေ့နေချုပ်ကို အကြောင်းကြားဖို့ လိုအပ်ချက်ကို မလိုက်နာပဲ အမေရိကန်ပြည်ထောင်စုမှာ ရုရှားအစိုးရအတွက်အလုပ်လုပ်ကိုင်နေတဲ့ စွဲချက်နဲ့ တနင်္ဂနွေနေ့က သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် Maria Butina ဟာ အမေရိကန်ပြည်ထောင်စုမှာ ရုရှား အကျိုးစီးပွားကို ရှေ့ရှူဆောင်ရွက်ဖို့ သြဇာညောင်းတဲ့ အမေရိကန်နိုင်ငံရေးသမားတွေနဲ့ NRA လို နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ရင်းနှီးမှုရရှိအောင် တိတ်တဆိတ် ဆောင်ရွက်ခဲ့ကြောင်း စွပ်စွဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

တရားဝင်တင်ထားတဲ့ စွဲချက်မှာ Butina ဟာ ထိပ်တန်းအစိုးရ အရာရှိတဦးရဲ့ ညွန်ကြားချက်နဲ့ အခုလို ကြံစည်လုပ်ဆောင်တာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အဲဒီထိပ်တန်း အရာရှိတဦးဟာ Alexander Torshin ဖြစ်ပြီး သူဟာ ရုရှား ဗဟိုဘဏ် ဒုတိယဥက္ကဌအပြင် သမ္မတ Vladimir Putin ရဲ့ နိုင်ငံရေးပါတီမှာ အထက်လွှတ်တော်အမတ်ဟောင်း တဦးလည်းဖြစ်ပါတယ်။

Butina နဲ့ Torshin တို့ဟာ ၂၀၁၂ ခုနှစ်မှာ NRA အဖွဲ့အစည်းပုံစံမျိုး သေနတ်ကိုင်ဆောင်ခွင့် ကိုထောက်ခံအားပေးတဲ့ “Right to Bear Arms” အဖွဲ့ကို မတည်ခဲ့တာဖြစ်ပါတယ်။ Torshin ဟာ NRA ရဲ့ ရာသက်ပန် အဖွဲ့ဝင်တဦးဖြစ်ပြီး သူတို့ နှစ်ဦးဟာ မကြာသေးမီ နှစ်များအတွင်းက အမေရိကန်ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့်ကို အားပေးတဲ့ ညီလာခံတွေကို ပုံမှန်တက်ရောက်ခဲ့ကြတယ်လို့ လူမှုကွန်ယက်တွေမှာ ဖေါ်ပြထားပါတယ်။ ဝါရှင်တန်ဒီစီရှိ American University ဘွဲ့ရ Butina ဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲအတွင်း ရီပါပလင်ကန်ပါတီကို ထိုးဖောက်နိုင်ဖို့အတွက် NRA အဖွဲ့နဲ့ ဆက်ဆံရေးရင်းနှီးစေဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

Butina ကို တနင်္လာနေ့က ပထမဦးဆုံး ရုံးထုတ်ခဲ့ပြီး အင်္ဂါနေ့က အခုလို တရားဝင်စွဲချက်တင်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ အာမခံ လျောက်ထားချက်ကို ဗုဒ္ဓဟူးနေ့မှာ တရားရုံးက ကြားနာဖို့ရှိပါတယ်။

သူ့အပေါ် စွပ်စွဲချက်တွေအရ သူဟာ ၂၀၁၆ သြဂုတ်လက F1 ကျောင်းသားဗီဇာနဲ့ အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခဲ့တာဖြစ်ပြီး သူရဲ့ဗီဇာလျောက်လွှာမှာ Torshin နဲ့သူအလုပ်မလုပ်တော့ကြောင်း ဗီဇာလျောက်လွှာမှာ ဖေါ်ပြခဲ့တာဖြစ်ပါတယ်။ သူ့ကိုတင်ထားတဲ့ စွဲချက်အရ ပြစ်မှုထင်ရှားတွေ့ရှိရင် ထောင်ဒဏ် ငါးနှစ်အထိ ကျခံရဖွယ်ရှိပါတယ်။

XS
SM
MD
LG