အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) တို့ ဒီသီတင်းပတ် အတွင်းမှာ တွေ့ဆုံဖို့ ရှိသလို အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး သဘောတူစာချုပ်မျိုးစုံ လက်မှတ်ရေးထိုးကြဖို့ ရှိပါတယ်။
ကမ္ဘာ့အင်အား အကောင်းဆုံး စီးပွားရေးကို ပိုင်ဆိုင်ကြတဲ့ နိုင်ငံကြီး ၂ ခုရဲ့ ခေါင်းဆောင်တွေဟာ ဘဏ္ဍာရေးကိစ္စရပ် မျိုးစုံကို ဆွေးနွေးကြမယ့်ပုံရှိပြီး အဲဒီထဲက အထူးခြားဆုံး ကိစ္စတခုကတော့ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ တရုတ်ဘက်က ကုန်သွယ်ရေး ပိုငွေပြမှု အမြောက်အမြား ရှိနေတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
၂၀၁၀မှာ စာရင်းပြုစုကြည့်တဲ့အခါ တရုတ်ဘက်က ဒီနှစ်အတွက် ဒေါ်လာသန်း ၂၇,၀၀၀ ပိုငွေပြနိုင်တယ်လို့ တွေ့ရပါတယ်။
မစ္စတာဟူ အိမ်ဖြူတော်ကို အင်္ဂါနေ့မှာ ရောက်မလာခင်နဲ့ သမ္မတ အိုဘားမား ကြီးပြင်းရာမြို့ဖြစ်တဲ့ ချီကာဂိုမြို့ကို သီတင်းပတ် နှောင်းပိုင်းမှာ မရောက်ရှိခင်မှာတင် သူတို့နှစ်ဦး သဘောတူညီမှု ဘယ်လောက်ကို တန်ဖိုးအားဖြင့် ဘယ်လောက်ဖိုး လက်မှတ်ရေးထိုးကြမလဲဆိုတာ မသိရပါဘူး။
ဒါပေမဲ့ သဘောတူညီမှု မျိုးစုံကို လက်မှတ်ရေးထိုးကြမယ့်ပုံ ရှိတယ်လို့ အမေရိကန် အစိုးရနဲ့ စီးပွားရေး ခေါင်းဆောင်တွေက အခုရက်ပိုင်း အတွင်းမှာပဲ ပြောကြားသွားပါတယ်။
သဘောတူညီမှုတွေထဲမှာ အမေရိကန် လေယာဉ်တွေ၊ မော်တော်ယာဉ် အစိတ်အပိုင်းတွေ၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေနဲ့ အမဲသားတွေ ရောင်းချဖို့ ပါဝင်နိုင်ပါတယ်။
အစားထိုးလောင်စာနဲ့ ဇီဝလောင်စာ၊ ပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ ကျောက်မီးသွေး ထုတ်လုပ်တဲ့ နည်းပညာတွေကို ထုတ်လုပ် အသုံးပြုဖို့တွေမှာလည်း သဘောတူညီမှု ရနိုင်ပါတယ်။