သုံးရလွယ်ကူစေသည့် Link များ

တရုတ်သမ္မတ အမေရိကန် ခရီးစဉ် အင်္ဂါနေ့ စတင်

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ်သမ္မတ အမေရိကန် ခရီးစဉ် အင်္ဂါနေ့ စတင်

တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) ဟာ အမေရိကန် ပြည်ထောင်စုကို နိုင်ငံတော် ခရီးစဉ်အဖြစ် လာရောက်မယ့် အချိန်မှာပဲ တရုတ်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ မူဝါဒကို အရေးယူဖို့ အဆိုပြုချက် မူကြမ်းတရပ် တင်သွင်းဖို့ ရှိတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် အချို့က ကြေညာလိုက်ပါတယ်။

အမေရိကန် ကုန်သွယ်ရေးကို ထိခိုက်နစ်နာစေတဲ့ ငွေကြေးဆိုင်ရာ မမျှတမှုတွေ၊ တဖက်စောင်းနင်း ဖြစ်မှုတွေ အပေါ်မှာ ကိုင်တွယ်ဖြေရှင်းဖို့ ဥပဒေ မူကြမ်းတရပ်ကို တင်သွင်းဖို့ ရှိတယ်လို့ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဘော့ဘ် ကေစီ (Bob Casey)၊ ချားလ်စ် ရှကူမာ (Charles Schumer)၊ ဒက်ဘီ စတက်ဘ်နောင်း (Debbie Stabenow) တို့က တနင်္လာနေ့မှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အဲဒီ ဥပဒေကြမ်းထဲမှာတော့ ငွေကြေးဆိုင်ရာမှာ ချယ်လှယ် ချုပ်ကိုင်ဖို့ လုပ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာနက သတ်မှတ်ထားတဲ့ နိုင်ငံတွေက သွင်းကုန်တွေကို အခွန်အတုတ် သတ်မှတ်ရေးကိစ္စ ပါဝင်ပါတယ်။ အဲဒီနိုင်ငံတွေက စီးပွားရေး ကုမ္ပဏီတွေ အနေနဲ့ အမေရိကန် အစိုးရ ကန်ထရိုက် လုပ်ငန်းတွေ ရရှိဖို့ တားမြစ်ပိတ်ပင်ခံရဖို့ ရှိပါတယ်။

အခုမူကြမ်းဟာ သမ္မတ အိုဘားမားနဲ့ ဆွေးနွေးဖို့ ၀ါရှင်တန်ကို အင်္ဂါနေ့မှာ ရောက်လာမယ့် တရုတ်သမ္မတ ဟူဂျင်တောင်းကို သိစေလိုတဲ့ သတင်းစကားတခု ဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ရှကူမာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ သူ့ရဲ့ တရုတ်ယွမ်ငွေကို အားနည်းအောင်လုပ်ပြီး တရုတ်ထွက်ကုန်တွေ နိုင်ငံတကာ ဈေးကွက်မှာ ပိုပြီး ဈေးသက်သက်သာသာဖြစ်အောင် လုပ်ဆောင်နေတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေကရော အမေရိကန် အစိုးရကပါ ပြောခဲ့ပါတယ်။ ဒီအတွက် အမေရိကန်၊ တရုတ် ကုန်သွယ်ရေးမှာ တရုတ်ဘက်က ပိုပြီး အမြတ်အစွန်းတွေ ရရှိခဲ့ပါတယ်။

ဒါကြောင့် ဒီလို မမျှတတဲ့ ကုန်သွယ်ရေး ဖြစ်နေတာကြောင့် တရုတ်အနေနဲ့ သူ့ငွေကြေးကို လွှတ်ပေးပြီး ခိုင်ခိုင်မာမာဖြစ်အောင် လုပ်ဖို့ အမေရိကန်ဘက်က တရုတ်ကို တိုက်တွန်းနေပါတယ်။

တနင်္ဂနွေနေ့တုန်းက အမေရိကန် သတင်းစာနှစ်စောင်နဲ့ မေးမြန်းခန်းမှာတော့ ငွေကြေးဆိုင်ရာ အငြင်းပွားမှုနဲ့ ပတ်သက်လို့ တရုတ်သမ္မတ ဟူဂျင်တောင်းက သူ့ဘက်က အလျှာ့ပေးမယ့် လက္ခဏာ မပြခဲ့ပါဘူး။ ကမ္ဘာ့ငွေကြေးစနစ်မှာ အမေရိကန်ဒေါ်လာ လွှမ်းမိုးနေတာကြောင့် အခုလို ဖြစ်တာလို့ သူက ပြန်ဖြေခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကို မျှမျှတတ တည်ငြိမ်အောင်လုပ်ဖို့ အမေရိကန် ပြည်ထောင်စုကို သူက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နဲ့ တရုတ် အနေနဲ့ နှစ်ဘက်စလုံး လက်ခံနိုင်မယ့် အခြေအနေကောင်း တခုကို ရှာဖို့လိုမယ်လို့ မစ္စတာဟူက ပြောပါတယ်။ စစ်အေးကာလတုန်းကလို တဘက်ဘက်က အသာစီး ရရမယ်ဆိုတဲ့ စဉ်းစားချက်မျိုးကို စွန့်ပစ်ရမယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG