သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ အမေရိကန် ရောက်ရှိ


တရုတ်သမ္မတ ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးလေဆိပ်သို့ ရောက်ရှိလာစဉ်။ ဇန်နဝါရီ ၁၈၊ ၂၀၁၁။
တရုတ်သမ္မတ ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးလေဆိပ်သို့ ရောက်ရှိလာစဉ်။ ဇန်နဝါရီ ၁၈၊ ၂၀၁၁။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ အမေရိကန် ပြည်ထောင်စု တရားဝင် ချစ်ကြည်ရေး ခရီးစဉ် စတင်လိုက်ပြီး ဝါရှင်တန်မြို့တော်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ ဝါရှင်တန်မြို့ပြင် အန်ဒရူးလေဆိပ်မှာ အမေရိကန် ဒု-သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) က တရုတ်သမ္မတ ဟူကျင်တောင်းကို အခမ်းအနားနဲ့ ခရီးဦးကြိုခဲ့ပါတယ်။

အမေရိကန် ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေခင်းမှာ သမ္မတ အိုဘားမားက ဧည့်သည်တော် တရုတ်သမ္မတ ဟူကျင်တောင်းကို အိမ်ဖြူတော်မှာ အလွတ်သဘော ညစာစားပွဲနဲ့ ဧည့်ခံဖို့ ရှိပါတယ်။ အမေရိကန် စံတော်ချိန် ဗုဒ္ဓဟူးနေ့ကျမှ တရားဝင် ခရီးစဉ် အစီအစဉ်တွေကို စတင်မှာ ဖြစ်ပါတယ်။ တရားဝင် နိုင်ငံတော် ညစာစားပွဲကို ဗုဒ္ဓဟူးနေ့ည အိမ်ဖြူတော်မှာ အခမ်းအနားနဲ့ ကျင်းပဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တရုတ်သမ္မတ ဟူကျင်တောင်းရဲ့ ၂ ရက်ကြာ ဒီခရီးစဉ် အတွင်းမှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံပြီး လူ့အခွင့်အရေးက အစ အသိဉာဏ်ပညာ ပိုင်ဆိုင်မှု အကာအကွယ်ပေးရေး၊ စွမ်းအင်ရေးရာ၊ တရုတ် စစ်အင်အား တိုးချဲ့နေတာတွေနဲ့ နိုင်ငံတကာနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး တင်းမာမှုတွေ အဆုံး ဆွေးနွေးကြမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံက ကုမ္ပဏီတွေနဲ့ အမေရိကန် ကုမ္ပဏီတွေအကြား ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိတဲ့ ကုန်သွယ်ရေးကို ဒီသီတင်းပတ် အတွင်းမှာ ညှိနှိုင်းကြမှာ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ကြေညာထားပါတယ်။

တရုတ်နိုင်ငံက အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၂၀၀,၀၀၀ ပိုငွေပြနေတာကြောင့် စီးပွားရေး ကွာဟချက်နဲ့ ပတ်သက်ပြီး ခေါင်းဆောင် ၂ ဦး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်လို့လည်း အကဲခတ်တွေက ခန့်မှန်းနေကြပါတယ်။

သမ္မတ ဟူကျင်တောင်းဟာ ဝါရှင်တန်မြို့တော်က အပြန်ခရီးမှာ အမေရိကန် ပြည်ထောင်စုရဲ့ တတိယ အကြီးဆုံးမြို့လည်းဖြစ်၊ စီးပွားရေး အချက်အချာကျတဲ့ ချီကာဂိုမြို့ကို ခရီးတထောက်နားဖို့ စီစဉ်ထားပါတယ်။

XS
SM
MD
LG