သုံးရလွယ်ကူစေသည့် Link များ

တရုတ် လူ့အခွင့်အရေးကိစ္စ အိုဘားမား ဆွေးနွေးစေလို

  • ဗွီအိုအေ (မြန်မာဌာန)

တရုတ် လူ့အခွင့်အရေးကိစ္စ အိုဘားမား ဆွေးနွေးစေလို

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အနေနဲ့ ၀ါရှင်တန်ကို လာရောက် လည်ပတ်နေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ကို တရုတ်နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ဖိအားပေး ပြောဆိုဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းနေကြပါတယ်။

မနေ့က လူတွေ ရာနဲ့ချီ သမ္မတ အိမ်ဖြူတော်ရှေ့မှာ စုဝေးပြီး တရုတ်ပြည်မှာ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ တိဘက်လွတ်လပ်ရေး၊ တရုတ်က ထိန်းချုပ်ထားတဲ့ ဟိမ၀န္တာဒေသ လွတ်လပ်ရေးတို့အတွက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအချိန်မှာ အိမ်ဖြူတော်အတွင်း သမ္မတ အိုဘားမားက တရုတ်သမ္မတ ဟူကျင်တောင်းကို ပထမဦးဆုံး အကြိမ်အဖြစ် နိုင်ငံတော် ညစာနဲ့ တည်ခင်းရင်း တိုင်းရေး ပြည်ရေးတွေကို ဆွေးနွေးနေတာ ဖြစ်ပါတယ်။

မနေ့က လွှတ်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ တရပ်မှာတော့ အမေရိကန် အောက်လွှတ်တော်အမတ် ခရစ်စ်တိုဖာ စမစ်သ်က နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့ အကျဉ်းချခံ တရုတ် စာရေးဆရာလည်းဖြစ်၊ ဒီမိုကရေစီရေး လှုပ်ရှားသူလည်း ဖြစ်တဲ့ မစ္စတာ လျူရှောင်ဘို (Liu Xiaobo) ကို ပြန်လွှတ်ပေးရေးအတွက် တရုတ်သမ္မတကို တောင်းဆိုပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမားကို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

မစ္စတာ အိုဘားမား ကိုယ်တိုင် ၂၀၀၉ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ချီးမြှင့်ခံခဲ့ရသူ ဖြစ်တာမို့ မစ္စတာ လျူရှောင်ဘို လွတ်မြောက်ရေးအတွက် လူသိရှင်ကြား အားသွန်ခွန်စိုက် ကြိုးစားဖို့ တာဝန်ရှိတယ်လို့လည်း အောက်လွှတ်တော်အမတ် စမစ်သ်က ပြောခဲ့ပါတယ်။

တရုတ်သမ္မတရဲ့ ၄ ရက်ကြာ ခရီးစဉ်ရဲ့ ဒုတိယမြောက်နေ့ ဒီနေ့မှာ သူက သတင်းထောက်တွေနဲ့ မတွေ့စဘူး တွေ့ပြီး အမေးအဖြေလုပ်ဖို့ သဘောတူထားတာ ရှိပါတယ်။

အဲဒီမှာ တရုတ်နိုင်ငံအတွင်း ဖလွန်ဂေါင်း ယုံကြည်သူတွေ နှိပ်ကွပ်ခံရမှုအပြင် အာဏာရှင် နိုင်ငံတွေဖြစ်တဲ့ မြောက်ကိုရီးယား၊ မြန်မာနဲ့ ဇင်ဘာဘွေ နိုင်ငံတွေနဲ့ ပတ်သက်လို့ တရုတ်က ထောက်ခံမှု ပေးနေတဲ့ အပေါ်မှာ မေးခွန်းထုတ်ခံရဖွယ် ရှိနေပါတယ်။ ဒီကိစ္စကို တရုတ်သမ္မတ ဘယ်လိုဖြေကြားမလဲ ဆိုတာကို အများက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

XS
SM
MD
LG