သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အမေရိကန် ခေါင်းဆောင်နှစ်ဦး လူ့အခွင့်အရေး ဆွေးနွေး


အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်းတို့ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဇန်နဝါရီ ၁၉၊ ၂၀၁၁။
အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်းတို့ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဇန်နဝါရီ ၁၉၊ ၂၀၁၁။

အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန်သမ္မတ အိုဘားမား (Obama) တို့ နှစ်ဦးဟာ မနေ့ မနက်ပိုင်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးကိစ္စနဲ့ နှစ်နိုင်ငံအကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့သလို တရုတ်နိုင်ငံ အနေနဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ပိုပြီး လုပ်ဆောင်စရာတွေ ရှိသေးတယ် ဆိုတာကိုတော့ တရုတ်သမ္မတ ဟူကျင်တောင်းက သတင်းထောက်တွေရှေ့မှာ ဝန်ခံပြောခဲ့ပါတယ်။ အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ်သမ္မတ ဟူကျင်တောင်းတို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကိုတော့ ဝါရှင်တန်ဒီစီမှာ မနေ့ နေ့လယ်ပိုင်းက ပြုလုပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ အကြားမှာ ကုန်သွယ်ရေးကိစ္စ၊ တရုတ်ငွေကြေး တန်ဖိုးကိစ္စရပ် အပြင် လူ့အခွင့်အရေး အကြောင်းရပ်တွေမှာ မတူညီတဲ့ အမြင် ရပ်တည်ချက်တွေ ရှိကြပေမဲ့ ဒီကိစ္စတွေကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုမယ် ဆိုတာကို နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးလုံးက အလေးပေး ပြောခဲ့ကြပါတယ်။ ရှားရှားပါးပါး သမ္မတ ဟူကျင်တောင်းပါ ပါဝင်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာတော့ ကုန်သွယ်ရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်တွေအပြင် တရုတ်ဘက်က အထိအရှမခံတဲ့ လူ့အခွင့်အရေး ကိစ္စတွေအပေါ် မေးမြန်းချက်တွေကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက ဖြေကြားခဲ့ပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူညီခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

“လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တရားဝင် ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။ တရားဥပဒေ စိုးမိုးရေးအတွက် အပြောင်းအလဲသစ်တွေ လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။”

တရုတ်နိုင်ငံတွင်း အထူးသဖြင့် တိဘက်အရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုကို ပြောဆို ဆွေးနွေးခဲ့တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ တရုတ်နဲ့ အမေရိကန် အကြားမှာ မတူညီတဲ့ နောက်ခံ၊ မတူညီတဲ့ အမြင်တွေ ရှိကြပေမဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကိစ္စရပ်တွေ အပေါ်မှာ အပြန်အလှန် လေးစားမှု အခြေခံပြီး ဆွေးနွေးသွားလိုပါတယ်လို့ တရုတ်သမ္မတ ဟူကျင်တောင်းကလည်း စကားပြန်ကတဆင့် သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

“လူ့အခွင့်အရေးဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကို တရုတ်အနေနဲ့ လေးစား အသိအမှတ် ပြုထားပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ တန်ဖိုးတွေ ပြောကြမယ်ဆိုရင် မတူညီတဲ့ အမျိုးသားရေး အခြေခံတွေကို ထည့်သွင်း စဉ်းစားရမယ်လို့ ယုံကြည်ပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေ များပြားတဲ့နိုင်ငံ ဖြစ်သလို အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်ပါတယ်။

“ဒီအခြေအနေအောက်မှာ စီးပွားရေးမှာရော လူမှုဖွံ့ဖြိုးရေး ကိစ္စမှာပါ စိန်ခေါ် အကဲစမ်းချက် အတော်များများ ရှိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လုပ်ဆောင်စရာ အတော်များများ ရှိပါသေးတယ်။”

တရုတ်နိုင်ငံ အနေနဲ့ အခြားနိုင်ငံတွေရဲ့ အခြေအနေကောင်းတွေကို လေ့လာနေသလို လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အခြားနိုင်ငံတွေနဲ့ ဆွေးနွေးသွားဖို့လည်း လိုလိုလားလား ရှိပါတယ်လို့ တရုတ်သမ္မတက ပြောပါတယ်။ ဒါ့အပြင် အပြန်အလှန် လေးစားမှု၊ အခြားပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်မှုဆိုတဲ့ အခြေခံပေါ်မှာ အမေရိကန် ပြည်ထောင်စုနဲ့လည်း လူ့အခွင့်အရေးကိစ္စ ဆွေးနွေးသွားလိုတယ်လို့ ပြောခဲ့ပါတယ်။

လေ့လာသူတွေကတော့ သမ္မတနှစ်ဦး တွေ့ဆုံစဉ် နိုင်ငံတကာကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေ ပြောရင် တရုတ်နိုင်ငံရဲ့ သြဇာသက်ရောက်မှု ကြီးမားတယ်လို့ ယူဆကြတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား ကိစ္စကို ဆွေးနွေးလိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အနေနဲ့ နောက်ထပ် ရန်စမှုတွေ မလုပ်သင့်တော့ဘူးဆိုတာ နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြတယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ အိုဘားမားက ပြောပါတယ်။ ဒါပေမဲ့ မြန်မာကိစ္စ ဆွေးနွေးမှု ရှိမရှိတော့ မသိရပါဘူး။

ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ဗုဒ္ဓဟူးနေ့မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းကတဆင့် ဆယ်မိနစ်လောက် စကားပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိတဦးက အခုလို အတည်ပြု ပြောဆိုပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တယ်လီဖုန်းကတဆင့် ဒီကနေ့ စကားပြောခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အားကောင်းလာစေဖို့နဲ့ ဒီမိုကရေစီရေး ထွန်းကား တိုးတက်လာစေဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဆောင်ရွက်သွားမယ် ဆိုတာကို ကတိကဝတ် ပြုခဲ့ပါတယ်။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေး စာပေးပို့ခဲ့ပါတယ်။ အခုလို နှစ်ဦးကြား တိုက်ရိုက် ဖုန်းစကားပြောတာတော့ နိုဝင်ဘာ ၁၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးကတည်းကဆိုရင် ဒါ ပထမဆုံး ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ လက်ရှိ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ အခြေအနေတွေကို ရှင်းပြ ပြောခဲ့တယ်လို့ သိရပါတယ်။ အခု ဖုန်းဆက် စကားပြောမှုနဲ့ တရုတ်သမ္မတ ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု ရောက်ရှိနေတဲ့ကိစ္စ ဘယ်လောက် ဆက်စပ်နိုင်သလဲ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ကတော့ မနေ့ မွန်းလွဲပိုင်းမှာ တရုတ်သမ္မတ ဟူကျင်တောင်းကို နေ့လယ်စာနဲ့ ဧည်ခံခဲ့ပါတယ်။

XS
SM
MD
LG