တရုတ်နဲ့ အမေရိကန်နိုင်ငံ အကြားက ကြီးမားတဲ့ ကုန်သွယ်ရေး ကွာဟမှုဟာ တရုတ်နိုင်ငံက သူ့ရဲ့ ငွေတန်ဖိုးကို တမင် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့အတွက် ဖြစ်တယ်လို့ အမေရိကန် ဥပဒေပြု လွှတ်တော်အမတ်တွေရဲ့ ပြောဆိုမှုတွေကို တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပယ်ချလိုက်ပါတယ်။
နှစ်နိုင်ငံအကြား ကုန်သွယ်ရေး မမျှမတ ဖြစ်နေရတာဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးဆိုင်ရာ အခြေခံ ကွာခြားချက်တွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးခေါင်းဆောင် တချို့ကို ဝမ်ကျားပေါင်က နယူးယောက်မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်တဲ့ နေရာမှာ တရုတ်နိုင်ငံ အနေနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာ အသာစီးရဖို့ ရည်ရွယ် လုပ်ဆောင်ခဲ့ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး အမေရိကန်ဒေါ်လာနဲ့ လဲလှယ်တဲ့ ယွမ်ငွေတန်ဖိုးကို တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ချုပ်ကိုင် ထားခဲ့တဲ့အတွက် အမေရိကန် ဈေးကွက်တွေမှာ တရုတ်ကုန်ပစ္စည်းတွေ ဈေးနှုန်း ချိုသာကုန်စေပါတယ်။
အဲဒီလို လုပ်ဆောင်လိုက်ခြင်းက နှစ်နိုင်ငံ ကုန်သွယ်တဲ့ နေရာမှာ တရုတ်နိုင်ငံက တဖက်သတ် အသာစီး ရသွားစေတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံရဲ့ ငွေတန်ဖိုး မြင့်လာအောင် ဖိအားပေးတဲ့ ဥပဒေမူကြမ်းကို အောက်လွှတ်တော် နည်းလမ်းရှာဖွေရေး ကော်မတီက သောကြာနေ့မှာ မဲခွဲ ဆုံးဖြတ်ကြဖို့ ရှိပါတယ်။