သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-တရုတ် Cyber အငြင်းပွားမှု စတင်ဆွေးနွေး


ကမ္ဘာ့အင်အားကြီး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးမှာ အဓိက အနှောင့်အယှက်ဖြစ်စေတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အငြင်းပွားမှုတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ ကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို နှစ်နိုင်ငံ စတင် ဖွင့်လှစ်လိုက်ပါတယ်။

အင်တာနက် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လုပ်ငန်းအဖွဲ့က အမေရိကန်နဲ့ တရုတ်အစိုးရ တာဝန်ရှိသူတွေဟာ ဝါရှင်တန်မြို့တော်မှာ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ နှစ်နိုင်ငံ အကြီးတန်းဝန်ကြီးတွေရဲ့ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ မစတင်ခင်၊ သူတို့ရဲ့ဆွေးနွေးမှုတွေ တိုးတက်မှု ရှိဖို့ မျှော်လင့်နေကြပါတယ်။

ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ အမေရိကန်နဲ့ တရုတ်အစိုးရကြား ပြီးခဲ့တဲ့ ဧပြီလက သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးမှုတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက် အများအပြား ရှိတဲ့အကြောင်းနဲ့ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေအပေါ်မှာ နှစ်ဘက် အမြင်တွေ၊ စိုးရိမ်ချက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ဆွေးနွေးသွားနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က ပြောပါတယ်။

အမေရိကန် အစိုးရဌာနတွေနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေကို ခိုးယူပြီး စီးပွားရေးမှာ အနိုင်ရနိုင်ဖို့ အင်တာနက်ကနေ ခိုးယူတိုက်ခိုက်တဲ့ လှုပ်ရှားမှုတွေမှာ တရုတ်နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကလည်း သူဟာ အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ခံနေရတာ ဖြစ်တယ်ဆိုပြီး ပြန်လည် ဝေဖန်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ အမေရိကန် ထောက်လှမ်းရေးဌာန ဝန်ထမ်းဟောင်း Edward Snowden က ဒီလို အင်တာနက် ခိုးယူစုံစမ်းမှုတွေနဲ့ ပတ်သက်လို့ ဖွင့်ချခဲ့တာကို တရုတ်အစိုးရ အရာရှိတွေက မီးမှောင်းထိုးပြခဲ့ကြပါတယ်။
XS
SM
MD
LG