သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-အမေရိကန် ကွဲပြားချက်တွေ ဖြေရှင်းဖို့ ဆွေးနွေး


ဒီကနေ့ အင်္ဂါနေ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ ဆက်လက် ကျင်းပနေတဲ့ အမေရိကန်နဲ့ တရုတ် အဆင့်မြင့် အစိုးရအရာရှိတွေရဲ့ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးမှုအတွင်းမှာ တရုတ်အရာရှိတွေနဲ့ တိုက်ရိုက်ကျတဲ့ ပြောဆိုဆွေးနွေးမှုတွေ လုပ်သွားမယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

ဆွေးနွေးမှုတွေအတွင်းမှာတော့ အင်တာနက်ဆိုက်ဘာ လုံခြုံရေးကိစ္စ၊ တရုတ်ရဲ့ ရေပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေနဲ့၊ ရာသီဥတု ပြောင်းလဲလာမှုတွေကို နှစ်နိုင်ငံ ပူးပေါင်း တွန်းလှန်နေတဲ့ ကြိုးပမ်းအားထုတ်မှု အကြောင်းအရာတွေကို အဓိက ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မဟာဗျူဟာမြောက် လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှု အကြောင်းအရာ များစွာကို ဆွေးနွေးတာဖြစ်တဲ့ တနင်္လာနေ့က စတင်တဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေဟာ ပွင့်ပွင့်လင်းလင်း ပြောဆိုကြတဲ့ ဆွေးနွေးမှုတွေ ဖြစ်တယ်လို့ အကြီးတန်း နိုင်ငံခြားရေးဌာန အရာရှိတဦးက ပြောပါတယ်။

နှစ်ဘက်စလုံးက စိုးရိမ်မှုရှိတဲ့ အခြေခံအကြောင်းအရာတွေပေါ်မှာ နှစ်ဘက်အမြင်တွေကို ထဲထဲဝင်ဝင် ဆွေးနွေးနိုင်ခဲ့ပြီး နှစ်နိုင်ငံကြား ယုံကြည်မှု တိုးမြင့်နိုင်ဖို့နဲ့ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆက်လက် ဆောင်ရွက်သွားကြဖို့ နှစ်ဘက် ခေါင်းဆောင်တွေ သဘောတူညီခဲ့ကြတယ်လို့ တရုတ်အစိုးရ အရာရှိတွေ ပြောဆိုတာကိုတော့ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြပါတယ်။

ဒီကနေ့မှာတော့ အမေရိကန်နဲ့ တရုတ် မဟာဗျူဟာမြောက် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ဆက်လက် ဆွေးနွေးကြမှာဖြစ်ပြီး တရုတ်ဒုသမ္မတ Wang Yang၊ တရုတ်နိုင်ငံတော် ကောင်စီဝင် Yang Jiechi တို့နဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဘဏ္ဍာရေးဝန်ကြီး Jacob Lew တို့လည်း တက်ရောက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG