သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရေတပ်ဖျက်သင်္ဘော တောင်တရုတ်ပင်လယ်ကျွန်းအနီး ဖြတ်သန်းမှု တရုတ်ကန့်ကွက်


USS Stethem အမေရိကန်ရေတပ် ဖျက်သင်္ဘော
USS Stethem အမေရိကန်ရေတပ် ဖျက်သင်္ဘော

တောင်တရုတ်ပင်လယ်အတွင်း တရုတ်၊ ထိုင်ဝမ်နဲ့ ဗီယက်နမ်နိုင်ငံတွေအကြား သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး အငြင်းပွါးနေကြတဲ့ ကျွန်းစုတွေတဝိုက်မှာ အမေရိကန်ရေတပ် ဖျက်သင်္ဘောတစီး ခုတ်မောင်းခဲ့တာဟာ ပြင်းထန်တဲ့ရန်စမှုပဲ တရုတ်အစိုးရက ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရဘက်ကတော့ ဘယ်သူမှ ပိုင်ဆိုင်တာမဟုတ်တဲ့ နိုင်ငံတကာရေ ပိုင်နက်မှာ လွတ်လွတ်လပ်လပ် ဖြတ်သန်းခုတ်မောင်းခွင့်ရှိတယ်လို့တုန့်ပြန်ပါတယ်။

ဒီအကြောင်း ကိုကျော်အောင်လွင် ကဆက်ပြီး ပြောပြမှာပါ။

USS Stethem လို့ခေါ်တဲ့အမေရိကန်ရေတပ် ဖျက်သင်္ဘောဟာ တောင်တရုတ်ပင်လယ်အတွင်းက Trition ကျွန်းရဲ့ ရေမိုင်၁၂မိုင်အကွာမှာ တနင်္ဂနွေနေ့တုန်းက ခုတ်မောင်းခဲ့ပါတယ်။ အဲဒီ Trition ကျွန်းဟာ တရုတ်၊ ထိုင်ဝမ်နဲ့ဗီယက်နမ် နိုင်ငံတွေအကြားနယ်မြေပိုင်ဆိုင်မှုငြင်းပွါးနေတဲ့ Paracel ကျွန်းစုတွေထဲက တကျွန်းပါ။ အမေရိကန်USSဖျက်သင်္ဘောရဲ့ နောက်ကနေ တရုတ်စစ်သင်္ဘောတစီးကပ်ပြီး လိုက်ခဲ့ပြီး အခုအဲဒီနေရာမှာ တရုတ်စစ်ရေယဉ်တွေနဲ့ ဂျက်တိုက်လေယဉ် တွေကိုလည်း တပ်ဖြန့်ချထားပါတယ်။ အမေ ရိကန်ရဲ့အခုလိုလုပ်ရပ်ဟာ စစ်ရေးအရရော နိုင်ငံရေးအရပါ တကယ့်ကို ထိပါးစော်ကားတဲ့လုပ်ရပ်ပဲလို့ တရုတ်အစိုးရ က အပစ်တင်ရှုပ်ချပါတယ်။

အမေရိကန်အစိုးရအရာရှိတဦးကတော့ လွတ်လပ်စွာပင်လယ်ရေကြောင်းသွားလာခွင့်အရ နိုင်ငံတကာရေပိုင်နက်အတွင်း ပုံမှန်လုံခြုံရေးလေ့ကျင့်မှုတစိတ် တပိုင်း အဖြစ် အခုလိုခုတ်မောင်းတာလို့ ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Geng Shuang က တော့ တရုတ်နိုင်ငံရဲ့အချုပ်အခြာကိုထိပါးစော်ကား တယ်လို့အပစ်တင်ရှုတ်ချပါတယ်။

“လွတ်လပ်စွာသွားလာခွင့်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ တရုတ်နိုင်ငံရဲ့ခွင့်ပြုချက် မရပဲ တရုတ်ရေပိုင်နက် Xisha ကျွန်းစုတွေအတွင်းကို အမေရိကန်ဘက်က စစ်သင်္ဘောတစီးထပ်ပြီးစေလွှတ်ခဲ့ပါတယ်။ ဒီလုပ် ရပ်ဟာတရုတ်ဥ ပဒေနဲ့ နိုင်ငံတကာဥပဒေကိုချိုးဖေါက်တဲ့လုပ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံရဲ့အချုပ်အခြာကိုလည်း ဂရုမစိုက်ရာရောက်တယ်။ လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုလည်း ထိပါးနှောက်ယှက်ရာလည်း ရောက်တယ်။ ဒါဟာ နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ပြင်းထန်တဲ့ရန်စမှုပဲဖြစ်ပြီး အမေရိကန်ရဲ့လုပ်ရပ်ကို မကျေနပ်မနပ်ဖြစ်တယ်၊ ဆန့်လည်းဆန့်ကျင်ပါတယ်။”

အမေရိကန်ဖျက်သင်္ဘောမောင်းနှင်ခဲ့တဲ့ Tritionကိုတရုတ်က သူပိုင်ဆိုင်တယ်လို့ ၁၉၇၄ခုနှစ်ကတည်းကကြေညာခဲ့ ပါတယ်။ ဒီကျွန်းကိုပဲ ဗီယက်နမ်ကရော ထိုင်ဝမ်ကပါ သူတို့ပိုင်တဲ့နေရာလို့ ပြောနေကြတာပါ။ အမေရိကန်မှာ သမ္မတ ဒေါ်နလ်ထရမ့် အာဏာရလာပြီးနောက်ပိုင်း ဒါဟာ ဒုတိယအကြိမ် တရုတ်နိုင်ငံရဲ့ အချုပ်အခြာပိုင်နက်ထဲမှာ အမေရိ ကန်စစ်ဘက်က လုံခြုံရေး အရချိန်းခြောက်တဲ့ လုပ်ရပ်ပဲလို့လည်း တရုတ် အစိုးရကပြောပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက တကြိမ် တောင်တရုတ်ပင်လယ်အတွင်းက Spratly ကျွန်းစုတွေအတွင်း အမေရိကန်ဖျက်သင်္ဘော USS Dewey ဖျက်သန်းခုတ်မောင်းခဲ့ပါသေးတယ်။ အဲဒီတုန်းကလည်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုပ်ခဲ့တာလို့ တရုတ်အစိုးရကပြောပါတယ်။ သြစတေးလျှနိုင်ငံ New South Wales တက္ကသိုလ်က အငြိမ်းစားပါ မောက္ခ Carl Thayer ကတော့ Paracel ကျွန်းစုတွေကို တရုတ်ပြည်မကြီးနဲ့ နီးတဲ့နေရာလို့ တရုတ်ဘက်ကမြင်ပြီး Spratlyကျွန်းစုတွေ အပေါ်အမြင်မှာကျတော့ မတူပြန်ဘူးလို့ ဗွီအိုအေကို မှတ်ချက် ပေးပါတယ်။

“အခုကိစ္စမှာ အမေရိ ကန်ဘက်က စိန်ခေါ်ချက်၂ရပ်ရှိတာတွေ့ရတယ်။ ပထမက Paracel ကျွန်းစုတဝိုက်မှာ တရုတ်က ရေပိုင်နက်သတ်မှတ် ရာမှာ ကျွန်းပုံစံအတိုင်းပိုင်နက်မျဉ်းကို မဆွဲပဲ မျဉ်းဖြောင့်အတိုင်းဆွဲတဲ့အတွက် နယ်မြေပိုင်ဆိုင်မှု အလွန်အကျွံသတ်မှတ် ထားတဲ့ အချက်နဲ့ ဒုတိယက တရုတ်ဘက်ကခွင့်ပြုချက်ကို ကြိုတင်တောင်းခံရမယ်လို့ပြောတာကို အမေရိကန်ဘက်က သဘောမတူနိုင်တဲ့အချက် ၊ အမေရိကန်ဖျက်သင်္ဘောသွားတဲ့နေရာကို နိုင်ငံတကာရေပိုင်နက်ဖြစ်လို့ လွတ်လပ်စွာသွား လာပိုင်ခွင့်ရှိတဲ့လမ်းကြောင်းလို့ ယူဆတယ်ဒါကြောင့် နိုင်ငံတကာရေပိုင်နက်ဆိုင်ရာဥပဒေအပေါ်မှာ အမေရိကန် နဲ့တရုတ်အကြား အဓိပါယ်ဖွင့်ဆိုမှုကွဲပြားနေပါတယ်။”

ဒီနှစ်ကုန်ပိုင်းမှာကြုံရမယ့် ၁၉ကြိမ်မြောက်ကွန်မြူနစ်ပါတီကွန်ဂရက်မှာ တရုတ်သမ္မတရှီကျင်းပင်အနေနဲ့ တောင်တရုတ် ပင်လယ် အရေးနဲ့မြောက်ကိုရီးယားအရေးအပါအဝင် ကမ္ဘာ့အရေး၊ ဒေသဆိုင်ရာအရေးတွေမှာ အမေရိကန် ပြည်ထောင် စုနဲ့ အခိုင်အမာပူးပေါင်းလုပ်ဆောင်နေတာကို ပြသဖို့လိုတယ်လို့လည်း ပါမောက္ခ ကာလ်းသေယာက ဗွီအိုအေကိုပြော ပါတယ်။ တရုတ်နဲ့အမေရိကန်အကြားစစ်သင်္ဘောအရေးနဲ့တင်းမာမှုတွေရှိနေတယ်ဆိုပေမယ့်လည်း သင်္ဘောပြဿနာ ဖြစ်ခဲ့တဲ့တနင်္ဂနွေနေ့ကပဲ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်ကတရုတ်သမ္မတ ရှီကျင်းပင်ကို တလ်လီ ဖုန်းခေါ်ပြီး စကား ပြောဆိုခဲ့ကြပါတယ်။

ခေါင်းဆောင်နှစ်ဦးရဲ့ပြောဆိုမှုထဲမှာမြောက်ကိုရီးယားရဲ့နျူကလီးယားနဲ့တာဝေး ပစ်ဒုံး ကျည်ချိန်း ခြောက်မှုတွေမြင့်မားလာနေတဲ့ကိစ္စနဲ့ ကိုရီးယားကျွန်းစွယ်မှာ နျူကလီးယားလက်နက် မထွန်းကားအောင်အခိုင်အမာ လုပ်ဆောင်ကြဖို့ တရုတ်နဲ့အမေရိကန်ခေါင်းဆောင်နှစ်ဦး ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG