သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်နဲ့ တရုတ် ရေတပ် အကြီးအကဲတွေ တောင်တရုတ်ပင်လယ် ပြဿနာ ဆွေးနွေး

  • ဗွီအိုအေ (မြန်မာဌာန)

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ်မူလန်(၀ဲ) နှင့် တရုတ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ချန်ဘင်းဒီတို့ ဆွေးနွေးပွဲ မစတင်မီ နှုတ်ဆက်နေစဉ်။ ဇူလိုင် ၁၁၊ ၂၀၁၁။

တောင်တရုတ်ပင်လယ် အတွင်းမှာ အမေရိကန်က စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတာနဲ့ တရုတ် ပင်လယ်ကမ်းခြေတွေကို လေယာဉ်တွေနဲ့ စောင့်ကြည့်ဖို့ စီစဉ်နေတာတွေကို တရုတ်ဘက်က ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။

တရုတ် စစ်ဦးစီးချုပ် ချန်ဘင်းဒီ (Chen Bingde) က အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန် (Mike Mullen) နဲ့ ဒီကနေ့ ပူးတွဲကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာပါ။

မကြာခင်တုန်းက ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတွေနဲ့ တရုတ်အကြားမှာ ရေပိုင်နက်ကိစ္စ အငြင်းပွားနေတဲ့အချိန် အမေရိကန်က အဲဒီနိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာဟာ တော်တော့ကို မသင့်တော်တဲ့ လုပ်ရပ်ပဲလို့ တရုတ်ဗိုလ်ချုပ်ကြီး ချန်ဘင်းဒီက ပြောပါတယ်။

တရုတ်နယ်စပ်တွေကနေ ၂၅ ကီလိုမီတာ အကွာလောက်မှာ အမေရိကန် ထောက်လှမ်းရေး လေယာဉ်တွေ ပျံသန်းနေတဲ့ ကိစ္စကိုလည်း တရုတ်ဗိုလ်ချုပ်ကြီးက ဝေဖန်ခဲ့ပါသေးတယ်။ တရုတ်ပြည်သူတွေရဲ့ ခံစားချက်ကို အမေရိကန်ဘက်က နားလည် စဉ်းစားပေးဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်ခ် မူလန်ရဲ့ တရုတ်နိုင်ငံ ၄ ရက်ကြာ ခရီးစဉ်ဟာ ၂၀၀၇ ခုနှစ်ကစပြီး အမေရိကန် ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် လာရောက်တဲ့ခရီး ဖြစ်ပါတယ်။

အမေရိကန်နဲ့ တရုတ် တပ်မှူးကြီး ၂ ဦးက ဘုံသဘောတူညီချက်တွေ အများကြီး သူတို့ကြားမှာ ရှိကြသလို တချို့ကိစ္စရပ်တွေမှာတော့ သဘောထား ကွဲပြားမှုတွေ ရှိကြတယ်လို့ တရုတ်ဗိုလ်ချုပ်ကြီး ချန်ရဲ့ အပြောကို ကိုးကားပြီး ဆင်ဟွာသတင်းက ရေးသားထားပါတယ်။

သဘာဝ သယံဇာတတွေ ပေါများတဲ့ တောင်တရုတ်ပင်လယ်တွင်း ပိုင်နက်နယ်မြေနဲ့ ပတ်သက်ပြီး တရုတ်က ဗီယက်နမ်နဲ့ ဖိလစ်ပိုင် နိုင်ငံတို့နဲ့ အငြင်းပွားနေတာကို စိတ်ပူနေတဲ့အကြောင်း ဗိုလ်ချုပ်ကြီး မူလန်က တနင်္ဂနွေနေ့က ဘေဂျင်းကို ရောက်တဲ့အချိန်မှာပဲ ပြောဆိုခဲ့တာပါ။

ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု အနေနဲ့ ပါဝင်ပတ်သက်ဖို့ မသင့်ဘူးလို့ တရုတ်နိုင်ငံက ပြောထားပါတယ်။

အမေရိကန်နဲ့ ဖိလစ်ပိုင် နိုင်ငံအကြား ကာကွယ်ရေး သဘောတူစာချုပ်အရ ၂ ဘက် အရေးကြုံလာရင် အပြန်အလှန် ကူညီ ဖြေရှင်းကြဖို့ တာဝန်ရှိတယ် ဆိုတာကို အမေရိကန်က မကြာခင်ကပဲ ထပ်ပြီး ပြောထားပါသေးတယ်။

XS
SM
MD
LG