ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာတလွှား နေရာအများစုကို ထိတွေ့ ဆက်ဆံနိုင်တဲ့ နိုင်ငံတွေအဖြစ် အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ အခု ရာစုနှစ်အတွင်း စံပြလုပ်ဆောင်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီက ပြောပါတယ်။
နှစ်နိုင်ငံအကြား နှစ်စဉ်ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးမှုအတွင်း မတူညီတာတွေကို အပြုသဘောဆန်ဆန် ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးသွားကြမှာ ဖြစ်သလို နားလည်မှုလည်း ပိုမို တည်ဆောက်သွားမယ်လို့ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲ မစခင် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၀န်ကြီးကယ်ရီက အဲဒီလို ပြောကြားလိုက်တာပါ။
ဆိုင်ဘာလုံခြုံရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေမှာ ပူးပေါင်း လုပ်ဆောင်နိုင်မယ့် အလုပ်အဖွဲ့ ဖွဲ့စည်းနိုင်ရေး အခုနှစ် ဆွေးနွေးပွဲအတွင်း ဆွေးနွေးသွားမယ်လို့ ၀န်ကြီး ကယ်ရီက ပြောပါတယ်။
အမေရိကန် - တရုတ်ဆက်ဆံရေးဟာ နှစ်နိုင်ငံ ဆက်ဆံရေး သက်သက်သာမကပဲ တကမ္ဘာလုံးကို အကျိုးသက်ရောက်မှု ရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်တယ်လို့ တရုတ် ဒုဝန်ကြီးချုပ် ၀မ်ယန် (Wang Yang) ကလည်း ဖြည့်စွက်ပြောဆိုပါတယ်။ နှစ်နိုင်ငံအကြား တွေ့ဆုံ ဆွေးနွေးမှုတွေကနေ ယုံကြည်မှု ပိုရအောင် လုပ်ဆောင်သွားရမှာဖြစ်ပေမဲ့ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေမယ့် အယူအဆမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့လည်း မစ္စတာ Wang Yang က ပြောပါတယ်။
၅ နှစ်မြောက်အဖြစ် ကျင်းပတဲ့ ဒီတွေ့ဆုံ ဆွေးနွေးမှုတွေမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Jack Lew နဲ့ တရုတ်နိုင်ငံတော် ကောင်စီဝင် ယန် ဂျေးချီ (Yang Jiechi) တို့လည်း တက်ရောက်ကြတာ ဖြစ်ပါတယ်။