သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ ကန်-တရုတ် စီးပွားပြိုင်ကြမလား


မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း၂၀၀ ရင်းနှီးမြှုပ်နှံထားသော ကိုကာကိုလာ ကုမ္ပဏီ။ (ဓါတ်ပုံ - REUTERS/Soe Zeya Tun)
မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း၂၀၀ ရင်းနှီးမြှုပ်နှံထားသော ကိုကာကိုလာ ကုမ္ပဏီ။ (ဓါတ်ပုံ - REUTERS/Soe Zeya Tun)

မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြင်ဆင် လျှော့ပေါ့ ပြောင်းလဲလိုက်ပြီးတဲ့နောက်၊ မြန်မာနိုင်ငံဟာ အမေရိကန် ကုမ္ပဏီတွေက လာရောက် ရင်းနှီးမြှုပ်နှံဖို့ ရှိနေပါတယ်။ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေ တိုးတက်လာရင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ လွှမ်းမိုးမှု ရှိနေတဲ့ တရုတ်ရဲ့ အခန်းကဏ္ဍ အပေါ် ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲ။ အပြည့်အစုံကို လေ့လာ စုံစမ်းထားတဲ့ ကိုရဲခေါင် က တင်ပြပါမယ်။

အမေရိကန် နဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှု တိုးတက်နေပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု မူဝါဒတွေကို ပြင်ဆင်လိုက် တာ ကြောင့် နှစ်နိုင်ငံအကြား စီးပွားရေးအရ ထိတွေ့ဆက်ဆံမှု တွေ တိုးလာဖို့ ရှိနေပါတယ်။

၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို အမေရိကန်ရဲ့ ပို့ကုန် တင်ပို့မှုဟာ ၁၂၁ ရာခိုင်နှုန်း တိုးပြီး ဒေါ်လာ ၁၄၆ သန်း အထိရှိခဲ့သလို၊ အရင်က အမေရိကန်နိုင်ငံ ကို မြန်မာဘက်က ပို့ကုန်တင်ပို့မှု မရှိသလောက်ဖြစ်နေရာကနေ မြန်မာ ပို့ကုန်တွေကို ပိတ်ပင်ထားတာ ပြန်ဖွင့်လိုက်တဲ့နောက် ၂၀၁၃ ခုနှစ်မှာ ဒေါ်လာ သန်း၃၀အထိ တိုးတက်လာခဲ့တယ်လို့ အမေရိကန် သမ္မတရဲ့ လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး Ben Rhodes က မေလ ၁၇ရက်နေ့က ပြုလုပ်တဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ အကြောင်း ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်စည်ကူးသန်းမှု ကိန်းဂဏန်းတွေဟာ တရုတ်နိုင်ငံနဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် နည်းပါး နေပါသေးတယ်။

စီးပွားရေး နဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေ အရ မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်ရေးကဏ္ဍကို တရုတ်နဲ့ အာဆီယံ နိုင်ငံတွေက လွှမ်းမိုးထားတာ ကို တွေ့ရပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်ပ ကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၂၃.၇၃၃ ဘီလျံ ရှိတဲ့အနက် တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုက အမေရိကန် ဒေါ်လာ ၁၀ ဘီလျံ ပါဝင်နေပြီး၊ အာဆီယံ နိုင်ငံတွေနဲ့ ကုန်သွယ်မှု ဒေါ်လာ ၉ ဘီလျံ၊ တရုတ် မဟုတ်တဲ့ အရှေ့အာရှ နိုင်ငံတွေနဲ့ ကုန်သွယ်မှု ၂.၅ ဘီလျံ၊ တောင်အာရှ နိုင်ငံတွေနဲ့ ကုန်သွယ်မှု ၁.၄ ဘီလျံ အသီးသီး ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေနဲ့ ကုန်သွယ်မှု အားလုံးပေါင်းဟာ ဒေါ်လာ ၁ ဘီလျံအောက်မှာပဲ ရှိနေတာ တွေ့ရပါတယ်။

အာဆီယံ နိုင်ငံတွေမှာ စီးပွားရေး လုပ်ကိုင်နေတဲ့ အမေရိကန် လုပ်ငန်းရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ US Asean Business Council က ညွှန်ကြားရေးမှုး Anthony Nelson က မြန်မာနိုင်ငံမှာ တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးက လုပ်ငန်းရှင်တွေ အတွက် စီးပွားရေး လုပ်နိုင်မယ့် အခွင့်အလမ်းတွေ အလုံအလောက် ရှိတယ်လို့ ပြောပါတယ်။

”တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးက နှစ်ကာလ ရှည်ကြာပြီး ဒီအတိုင်းပဲ ဆက်ရှိနေဦးမှာပါ။ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်ရဲ့ လွှမ်းမိုးမှုရှိပေမယ့် အမေရိကန် ကုမ္ပဏီတွေအတွက် အခွင့်အလမ်းတွေရှိပါတယ်။ အမေရိကန် ကုမ္ပဏီတွေဟာ အရည်အသွေးမြင့်မားတဲ့ ကုန်ပစ္စည်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ သယ်ဆောင်လာမှာ ဖြစ်သလို၊ မြန်မာနိုင်ငံသားတွေအတွက် ကျွမ်းကျင်မှုနဲ့ အဆင့်မြင့် နည်းပညာတွေကိုပါ ရရှိစေ မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံပေါင်းများစွာက ကုမ္ပဏီတွေ လာရောက် လုပ်ကိုင်နိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ရှိနေပါတယ်။ အနာဂတ်မှာလည်း ရှိနေဦးမှာပါ။”

မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ နှစ်ပေါင်း ငါးဆယ်ကျော် ကြာအောင် တိုးတက်မှုမရှိပဲ တန့်နေခဲ့ပြီး၊ အခုအချိန်မှာ နိုင်ငံ တော်တော်များများအတွက် အခွင့်အလမ်း ကောင်းတွေ ပေးနိုင်တဲ့ အခြေအနေရှိနေတဲ့အတွက် နိုင်ငံအသစ်တွေ ဝင်ရောက်လာတာ ကြောင့် ရှိပြီးသား နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ် ထိခိုက် စေမှာ မဟုတ်ဘူးလို့ ဝါရှင်တန် ဒီစီ အခြေစိုက် Carnegie Endowment for International Peace အဖွဲ့က မြန်မာ့ အရေး ကျွမ်းကျင်သူ Vikram Nehru က ပြောပါတယ်။

”စီးပွားရေးဆိုတာ တစ်ဘက်က ဘာမှ အကျိုးမရှိပဲ ကျန်ခဲ့တဲ့ zero-sum game မျိုး မဟုတ်ပါဘူး။ တစ်ခုခု အကျိုးရှိစေမယ့် positive sum game မျိုး ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဆက်ဆံမှု တိုးလာပေမယ့် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တရုတ်က လွှမ်းမိုးထားတဲ့ အခြေအနေက ပြောင်းသွားဦးမှာ မဟုတ်ပါဘူး။ ဖြစ်နိုင်တာက တိုးလာတဲ့ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ဒေသတွင်းမှာ ကုန်သွယ် ရောင်းဝယ်မှုတွေ တိုးလာမယ်ဆိုရင် တရုတ် အပါအဝင် ဒေသတွင်းက နိုင်ငံတွေအတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ”

အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေအရ ၁၉၈၈-၈၉ ဘဏ္ဍာနှစ်ကနေ ၂၀၁၄-၁၅ ဘဏ္ဍာနှစ် အကုန် အထိ မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၄၄.၁၆ ဘီလျံ ဝင်ရောက်ခဲ့တဲ့အထဲမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ၁၄.၇ ဘီလျံအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေထဲမှာ ပမာဏ အကြီးဆုံး စီမံကိန်းတွေကတော့ အများပြည်သူ ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံဆည် စီမံကိန်း၊ လယ်မြေတွေ သိမ်းဆည်းတာနဲ့ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှု ပြသနာတွေ ကြုံ နေရတဲ့ လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေး စီမံကိန်းနဲ့ ရွှေ ရေနံနဲ့ သဘာ၀ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းတွေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG