ကမ္ဘာပေါ်မှာ စီးပွားရေး အရှိန်အဟုန် ကောင်းကောင်းနဲ့ တိုးတက်လာနေတဲ့ တရုတ်နိုင်ငံရဲ့ သမ္မတ ဟူဂျင်တောင်း၊ ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ အမေရိကန် ပြည်ထောင်စုကို ရောက်လာတဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံကြား စီးပွားရေး သဘောတူညီချက်တွေ ရရှိခဲ့ကြပါတယ်။ တရုတ်သမ္မတရဲ့ နိုင်ငံတော် ခရီးစဉ်မှာ ၂ ဘက်အကြား ကွဲလွဲမှုတွေကို လူသိရှင်ကြား ပြောဆိုခဲ့ကြတာ ဖြစ်ပေမဲ့လည်း၊ တဖက်မှာတော့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ကြမယ့် သဘောတူညီမှုတွေ ရခဲ့ကြတာပါ။ အကျပ်အတည်းတွေ ကြုံနေရဆဲဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုနဲ့ စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ် ပေါ်ထွန်းလာနေတဲ့ တရုတ်နိုင်ငံတို့ရဲ့ စီးပွားရေးအရ ဆက်ဆံမှုတွေ ဘယ်လိုရှိနေလဲ ဆိုတာကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုကို ၄ ရက်ကြာ နိုင်ငံတော် ခရီးစဉ်အဖြစ် ရောက်လာတဲ့ တရုတ်သမ္မတ ဟူဂျင်တောင်း နဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား တို့ကြား နိုင်ငံရေး၊ လူ့အခွင့်အရေးလို ကိစ္စရပ်တွေမှာ ကွဲလွဲမှုတွေ ရှိခဲ့ပေမဲ့လည်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေမှာတော့ သဘောတူညီမှုတွေ ရခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုက ပြည်နယ်ပေါင်း ၁၂ ခုကနေ ဒေါ်လာ ၂၅ ဘီလီယံ တန်ဘိုးရှိတဲ့ ကုန်ပစ္စည်းတွေကို တရုတ်ကုမ္ပဏီတွေက တင်သွင်းသွားမယ့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက် ၇၀ လောက် ရရှိခဲ့ကြတာပါ။
ဒီလိုပဲ ဒေါ်လာ ၄၅ ဘီလီယံဘိုး အမေရိကန် ကုန်ပစ္စည်းတွေ တင်ပို့ဖို့နဲ့၊ ဒေါ်လာ ၈၈ ဘီလီယံကျော် တန်ဘိုးရှိတဲ့ တရုတ်အစိုးရရဲ့ ကန်ထရိုက်လုပ်ငန်းတွေမှာ အမေရိကန် ကုမ္ပဏီတွေ ပိုမိုလုပ်ပိုင်ခွင့်တွေ ပေးသွားဖို့ အတွက်ကိုလည်း ခရီးစဉ် ဒုတိယနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၁၉ ရက်နေ့မှာပဲ သဘောတူညီချက်တွေ ရခဲ့တဲ့အကြောင်း သမ္မတ အိုဘားမား က အိမ်ဖြူတော် ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
“ဒေါ်လာ ၄၅ ဘီလီယံကျော်တန်ဘိုးရှိတဲ့ အမေရိကန် ပြည်ပပို့ကုန်တွေ တိုးပြီးတင်ပို့နိုင်မယ့် သဘောတူညီချက်ပေါင်း ဒါဇင်နဲ့ချီပြီး ရရှိခဲ့တဲ့အတွက် ကျနော်သိပ်ကို အားရမိပါတယ်။ အမေရိကန်မှာလည်း ဒေါ်လာ ဘီလီယံ အမြောက်အများ တန်ဘိုးရှိတဲ့ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံမှုတွေ တိုးမြှင့်သွားမှာပါ။ စက်ပစ္စည်းကအစ Software အဆုံး၊ လေကြောင်းလုပ်ငန်းကအစ စိုက်ပျိုးရေး လုပ်ငန်းအဆုံး ဒီသဘောတူညီချက်တွေကနေ အမေရိကန်တွေအတွက် အလုပ်အကိုင်ပေါင်း ၂၃၅,၀၀၀ လောက် ရနိုင်မှာ ဖြစ်ပါတယ်။”
ဒီအထဲမှာတော့ ဒီနှစ် ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ဒေါ်လာ ၁၉ ဘီလီယံ တန်ဘိုးရှိတဲ့ ဘိုးအင်းဂျက်လေယာဉ် အစင်း ၂၀၀ ၀ယ်ယူရေး တရုတ်နိုင်ငံက နောက်ဆုံး လက်ခံလိုက်တဲ့ သဘောတူညီချက်လည်း အပါအ၀င် ဖြစ်ပါတယ်။ အမေရိကန် GE ကုမ္ပဏီက တရုတ်မီးရထားဝန်ကြီးဌာနနဲ့ လက်ရှိပူးတွဲဆောင်ရွက်နေတာတွေအပေါ် အခြေခံပြီး တရုတ်နိုင်ငံရဲ့ ကျည်ဆံရထား နည်းပညာတွေ အမေရိကန်ပြည်ထောင်စုကို တင်ပို့ဖို့၊ GE ကုမ္ပဏီက တရုတ်နိုင်ငံ အတွက် ရထားတွေ ထုတ်လုပ်ပေးဖို့တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့လည်း အခုသဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ထဲမှာ ၂ နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုမှာ အမေရိကန်ဘက်က စံချိန်ချိုးလောက်အောင် ဒေါ်လာ ၂၇၅ ဘီလီယံ လောက်အထိ လိုငွေပြနေတာတွေနဲ့စာရင်တော့ မပြောပလောက်တဲ့ ပမာဏပါ။ တရုတ်နိုင်ငံဟာ အမေရိကန်ရဲ့ ပြည်ပပို့ကုန်တွေ တင်သွင်းနေတဲ့ ဈေးကွက်တခုအဖြစ် အလျှင်အမြန် ကြီးထွားလာနေပေမဲ့လည်း ပြီးခဲ့တဲ့နှစ်ထဲမှာ တရုတ်နိုင်ငံဘက်က အမေရိကန်ကို ဒေါ်လာ ဘီလီယံ ၃၇၀ ဘိုးအထိ ကုန်ပစ္စည်းတွေ တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။။
တရုတ်သမ္မတရဲ့ ခရီးစဉ်အစမှာပဲ ထွက်ပေါ်လာတဲ့ လေ့လာဆန်းစစ်ချက် တခုကတော့ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေဟာ အကျိုးအမြတ်တွေ ပိုပြီးရရှိခံစား နေရပေမဲ့လည်း ဗျူရိုကရေစီ စနစ်နဲ့ ဥာဏပိုင်ဆိုင်မှုတွေကို ခိုးယူခံနေရတဲ့ ကိစ္စတွေအပေါ် စိတ်ပျက်နေကြတဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။ ဆန်းစစ်ချက်မှာ ပါဝင်တဲ့ ကုမ္ပဏီပေါင်း ၃၄၆ ခု အနက်မှာ ၃ ပုံ ၂ ပုံ နီးပါးက တရုတ်နိုင်ငံက လုပ်ထုံးလုပ်နည်းတွေဟာ အရင်နှစ်တုန်းကနဲ့ သိပ်မထူးခြားလှပဲ ပြဿနာတွေ ရှိနေဆဲဖြစ်တယ်လို့ ရှန်ဟိုင်းမြို့မှာရှိတဲ့ အမေရိကန် ကူးသန်းရောင်းဝယ်ရေးအသင်းရဲ့ နှစ်စဉ်အစီရင်ခံစာက ပြောဆိုလိုက်တာပါ။ သမ္မတ အိုဘားမား ကတော့ အမေရိကန် ကုမ္ပဏီတွေ တရုတ်နိုင်ငံမှာ တန်းတူယှဉ်ပြိုင်ခွင့်ရှိဖို့၊ ကုန်သွယ်မှုတွေမှာ မျှမျှတတရှိဖို့ လိုတဲ့အကြောင်း တရုတ်သမ္မတကို တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။ တရုတ်သမ္မတကတော့ အမေရိကန်က လိုလားနေသလောက် အပြောင်းအလဲတွေ လုပ်သွားမယ့် လက္ခဏာမျိုးကိုတော့ ဒီခရီးစဉ်အတွင်း ပြောဆိုခဲ့တဲ့ စကားတွေထဲမှာ မတွေ့ခဲ့ရပါဘူး။
စီးပွားရေးကအစ လူ့အခွင့်အရေး နိုင်ငံရေး ပြဿနာတွေအဆုံး ပြုပြင်စရာတွေ ရှိနေတာကို ၀န်ခံပြောဆိုခဲ့ပေမဲ့ ဒါတွေဟာ တရုတ်နိုင်ငံရဲ့ ပုံစံအတိုင်းသာ ပြုပြင်ပြောင်းလဲသွားမှာ ဖြစ်တဲ့အကြောင်း တရုတ်သမ္မတက အိမ်ဖြူတော်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ စကားပြန်ကတဆင့် ပြောဆိုခဲ့တာပါ။
“စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးမှုအပိုင်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဟာလည်း စိမ်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်၊ လူ့အခွင့်အရေး တိုးတက်ဖို့လို ကိစ္စမှာဆိုရင်လည်း တရုတ်နိုင်ငံက ဆောင်ရွက်သွားစရာတွေ အများအပြား ရှိနေဆဲဖြစ်ပါတယ်။”
ဝါရှင်တန်မြို့တော်မှာ အမေရိကန်နဲ့ တရုတ်စီးပွားရေး ထိပ်တန်းလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံရာမှာတော့ တရုတ်သမ္မတက ၂ နိုင်ငံ ကုန်သွယ်မှုတွေမှာ အလားအလာကောင်းတွေ မြင်ရတယ်၊ နိုင်ငံခြားကုမ္ပဏီတွေ အတွက်လည်း ပွင့်လင်းမြင်သာပြီး လွတ်လပ်၊ မျှတတဲ့ ရင်းနှီးမြုပ်နှံမှု အခြေအနေတွေကို ဆက်ထိန်းသွားမယ်လို့ ပြောခဲ့တာပါ။ တကယ်တော့ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြား နိုင်ငံရေး လူ့အခွင့်အရေးလို ကိစ္စရပ်တွေမှာသာမက စီးပွားရေးအရလည်း ကွာဟချက်တွေက ကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ပြည်ပပို့ကုန်တွေ ဈေးကွက်ထဲမှာ တန်ဘိုးနည်းနည်းနဲ့ ယှဉ်ပြိုင်နိုင်အောင် ရည်ရွယ်ပြီး RMB လို့ခေါ်တဲ့ ယွန်ငွေကြေးကို ရှိသင့်ထက် တန်ဘိုးထက် လျှော့ချထားတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားပြီး ဒါကို ပြင်ဆင်ဖို့လည်း တောင်းဆိုနေတာပါ။ ယွန်ငွေလဲလှယ်နှုန်းနဲ့ ပတ်သက်လို့ အချေအတင် ပြောဆိုမှုတွေ ကြုံခဲ့ရပြီး မကြာသေးခင်တုန်းကတော့ ငွေတန်ဘိုး အနည်းငယ် မြင့်တက်လာခဲ့တာပါ။ ဒါပေမဲ့လည်း ဒါတွေဟာ လုံလောက်မှုရှိတယ်လို့တော့ အမေရိကန် က မယူဆကြောင်း သမ္မတ အိုဘားမား က ထပ်ပြီးပြောခဲ့တာ ဖြစ်ပါတယ်။
“တရုတ်ငွေကြေးကို ပိုပြီးပြုသာပြင်သာဖြစ်အောင် တိုးမြှင့်ဆောင်ရွက်လာတဲ့အတွက် ကျနော်တို့ အနေနဲ့ ကြိုဆိုတဲ့အကြောင်း သမ္မတ ဟူ ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း RMB ဟာ တန်ဘိုးနိမ့်နေတုန်းပဲဖြစ်တာမို့ ငွေကြေးလဲလှယ်နှုန်းကို ညှိဖို့လိုတယ် ဆိုတာကိုလည်း ကျနော် ပြောရပါတယ်။ ဒါဟာလည်း တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအားတွေကို တိုးလာစေမှာဖြစ်သလို၊ စီးပွားရေးမှာ ငွေကြေး ဖောင်းပွမှု ကြုံရမယ့် အခြေအနေကိုလည်း လျော့ပါးအောင် လုပ်နိုင်တဲ့ အစွမ်းထက်တဲ့ နည်းလမ်း တခုလည်း ဖြစ်ပါတယ်။”
တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကြီးထွားလာနေတာနဲ့အမျှ ငွေကြေးဖောင်းပွမှုလို အန္တာရာယ်မျိုးတွေ ရှိနေတဲ့အတွက်လည်း ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ထိန်းချုပ်မှုတွေကိုလည်း တရုတ်အစိုးရက လုပ်ဆောင် နေရတာပါ။ ပြီးခဲ့တဲ့နှစ်ကစလို့ တရုတ်ဘဏ်တွေမှာ အရန်ငွေကြေးတွေကို တိုးမြှင့်ထားရှိသွားဖို့ ညွှန်ကြားခဲ့တာဟာ ၇ ကြိမ်အထိ ရှိခဲ့သလို၊ အမြင့်ဆုံး ငွေချေးတဲ့နှုန်းကိုလည်း လျှော့ချဖို့ စီစဉ်တာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေး တခုလုံး အနေနဲ့ကတော့ မျှော်လင့်ထားတာထက်ပိုတဲ့ တိုးတက်မှုတွေ ရှိခဲ့တဲ့အတွက် ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံထက် ကျော်လွန်ပြီး ဒုတိယစီးပွားရေး အတောင့်တင်းဆုံး တိုင်းပြည်ဖြစ်လာတဲ့ အထိပါ။ တရုတ်သမ္မတ ဟူ ရဲ့ အမေရိကန် ခရီးစဉ် တတိယမြောက် နေ့မှာထုတ်ပြန်လိုက်တဲ့ တရုတ်အစိုးရ စာရင်းအင်းဗျူရိုရဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ၁၀.၃ ရာခိုင်နှုန်းရှိပါတယ်။
တရုတ်နိုင်ငံစာရင်းအင်းဗျူရိုရဲ့ အကြီးအကဲ Ma Jiantang ကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေဟာ တည်ငြိမ်မှုရှိပေမဲ့လည်း အရည်အသွေးအားဖြင့် တိုးတက်အောင် လုပ်စရာတွေ အများအပြား ကျန်နေသေးတယ်လို့ စာရင်းအင်းထုတ်ပြန်ရာမှာ အသိအမှတ်ပြု ပြောသွားခဲ့တာပါ။ နောက်ဆုံး ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလထဲမှာ ငွေကြေးဖောင်းပွမှုနှုန်း အနည်းငယ် လျော့ပါးသွားတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း၊ စားသုံးကုန် ဈေးနှုန်း၊ အတိုးနှုန်းတွေ မြင့်မားမှုတွေနဲ့အတူ တရုတ်နိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေဟာ စိတ်ချလက်ချ ယုံကြည်ထားလို့တော့ မရသေးဘူးလို့လည်း စီးပွားရေး ကျွမ်းကျင်သူတွေကတော့ သတိပေးနေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားပါရစေ။