သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ အမေရိကန် ဒုသမ္မတ တွေ့ဆုံ


တရုတ်ရဲ့ လေကြောင်းကာကွယ်ရေးဇုန် သတ်မှတ်ချက် အသစ်အပေါ်မှာ အမေရိကန်ရဲ့ စိုးရိမ်မှုတွေကို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဗုဒ္ဓဟူးနေ့က ဘေဂျင်းမြို့တော်မှာ တွေ့ဆုံချိန်အတွင်း အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်က ထည့်သွင်း ပြောဆိုခဲ့တဲ့အကြောင်း အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေက သတင်းထောက်တွေကို ပြောဆိုခဲ့တာမှာ အမေရိကန် ဒုသမ္မတက အမေရိကန်ဘက်က တရုတ်တို့ရဲ့ ဇုန်သတ်မှတ်ချက်ကို အသိအမှတ် မပြုဘူးဆိုတာနဲ့ တင်းမာမှု လျော့စေဖို့ တရုတ်တို့ဘက်က ဆောင်ရွက်မှုတွေကို စောင့်ကြည့်နေတယ်ဆိုပြီး ရည်ညွှန်းပြောဆိုခဲ့ကြောင်း ပြောပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ကလည်း ဒီဇုန် သတ်မှတ်ချက်နဲ့ ဒေသတွင်း ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေအပေါ်မှာ တရုတ်ရဲ့ ရှုမြင်ချက်တွေကို ရှင်းရှင်းလင်းလင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ဆိုပါတယ်။

လေကြောင်းရန် ကာကွယ်ရေးဇုန်အပြင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကအစ မြောက်ကိုရီးယားအရေးအဆုံး နှစ်ဘက် အတူတကွ ဆောင်ရွက်ရေး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။

ကြာသပတေးနေ့က တောင်ကိုရီးယားကို မစ္စတာ ဘိုင်ဒန် သွားတဲ့အခါမှာလည်း မြောက်ကိုရီးယားအရေး ဆွေးနွေးမယ်လို့ ခန့်မှန်းကြပါတယ်။ အခု တရုတ်နိုင်ငံ ခရီးစဉ်ကတော့ ဂျပန်နိုင်ငံကိုသွားပြီး နောက်တနေ့မှာ သွားရောက်ခဲ့တာပါ။

ဒုသမ္မတ ဘိုင်ဒန်က အရှေ့တရုတ် ပင်လယ်ပြင်အတွင်းက တရုတ်တို့ရဲ့ လေကြောင်းရန် ကာကွယ်ရေးဇုန်နဲ့ ပတ်သက်ပြီး အတော်လေး စိုးရိမ်ကြောင်း ဂျပန်နိုင်ငံမှာ ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG