သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး ကန်နဲ့ တရုတ် သဘောတူ


မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ် အဆုံးသတ်ရေး အာမခံရရှိဖို့ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ အမေရိကန်နဲ့ တရုတ်တို့ ဗုဒ္ဓဟူးနေ့က သဘောတူခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်က မြောက်ကိုရီးယားက မြေအောက်စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့တဲ့အပေါ် ဘယ်လိုပုံစံနဲ့ ဒဏ်ခတ်အရေးယူမယ် ဆိုတာနဲ့ ပတ်သက်လို့ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ အဆင့်မြင့် ဆွေးနွေးပွဲမှာ ၂ ဘက် သဘောတူညီမှု မရရှိတဲ့အကြောင်း အရိပ်လက္ခဏာတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘေဂျင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry တို့ တွေ့ဆုံရာမှာ မြောက်ကိုရီးယားအရေးဟာ ဝါရှင်တန်အတွက် အဓိကကျတဲ့ ကိစ္စရပ်ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။ Kerry နဲ့ Wang Yi တို့ဟာ ဗုဒ္ဓဟူးနေ့က သတ်မှတ်ထားတဲ့ အချိန်ထက်ကျော်လွန်ပြီး ၅ နာရီကျော်ကြာ တွေ့ဆုံခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို ကန့်ကွက်တဲ့ ကုလသမဂ္ဂ အဆိုပြုချက်သစ်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အကြောင်းနဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မယ့် အလားအလာကို ဆွေးနွေးမယ့်အကြောင်း Wang Yi က ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်တဲ့ နိုင်ငံတကာ အရေးယူဆောင်ရွက်မှု မှန်သမျှဟာ တင်းမာမှု အသစ်တွေ မဖြစ်ပေါ်စေသင့်ကြောင်း သူက ပြောခဲ့ပါတယ်။

ဝန်ကြီးကယ်ရီက မြောက်ကိုရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုတွေအပေါ် ခိုင်မာပြီး စည်းလုံးတဲ့ ကုလသမဂ္ဂ အရေးယူ ဆောင်ရွက်မှု ချမှတ်ဖို့ တောင်းဆိုလိုက်ပြီး အခုလို ခြိမ်းခြောက်မှုဟာ အမေရိကန် ပြည်ထောင်စုအတွက် သိပ်ကို စိုးရိမ်စရာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

နျူကလီးယားလက်နက်ရှိတဲ့ မြောက်ကိုရီးယားနိုင်ငံထက် နျူကလီးယားလက်နက်မရှိတဲ့ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်အရေးမှုတွေ ပိုပြီး ချမှတ်ခဲ့ဖူးတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

XS
SM
MD
LG