သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက်ပြဿနာ ကန်နဲ့တရုတ် ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဘေဂျင်းမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ (မေ ၁၆၊ ၂၀၁၅)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry (ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ဘေဂျင်းမှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ (မေ ၁၆၊ ၂၀၁၅)

တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အချုပ်အခြာနဲ့ နယ်မြေပိုင်နက်ကို ကာကွယ်ဖို့ ချထားတဲ့ သံန္နိဌာန်က မယိမ်းမယိုင်ခိုင်မြဲလှတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘေဂျင်းမြို့တော်မှာရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry ကို ပြောကြားခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး နှစ်ယောက် ဒီကနေ့ တွေ့ဆုံခဲ့အပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီး Kerry နဲ့ ဝန်ကြီး Wang Yi တို့ကြား ကုန်သွယ်ရေး၊ မြောက်ကိုရီးယားအရေးအပြင် တောင်တရုတ်ပင်လယ်ထဲ ပိုင်နက်အငြင်းပွားမှုကြောင့် ရှိနေတဲ့ တင်းမာမှုတွေ စတဲ့ အကြောင်းအရာတော်တော်များများကို ဆွေးနွေးခဲ့ကြပါတယ်။ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်က ကျွန်းဖော်နေတဲ့နှုန်းနဲ့ အတိုင်းအတာအပေါ် အမေရိကန်က စိုးရိမ်တယ်လို့ ဝန်ကြီး Kerry ကပြောကြားခဲ့ပြီး ရေပိုင်နက်အငြင်းပွားနေတဲ့ ပြဿနာကိုဖြေရှင်းဖို့ မဖြစ်မနေ လိုက်နာသင့်တဲ့ကိစ္စကို အာဆီယံနိုင်ငံတွေနဲ့ဆွေးနွေးဖို့ တရုတ်ကို တိုက်တွန်းခဲ့ပါတယ်။

ပိုင်နက်အငြင်းပွားနေတဲ့ ရေထဲမှာ တရုတ်က သူတို့ပိုင်နယ်မြေအဖြစ်ပြောနိုင်ဖို့ ကျွန်းသေးလေးတွေ ဖြစ်အောင် မြေဖို့နေတာလို့ အမေရိကန်နဲ့ အာဆီယံ နိုင်ငံအများစုက သံသယရှိနေကြပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်ဘက်က ဆွေးနွေးဖို့ ပြင်ဆင်ထားပေမယ့် ကျွန်းဖော်နေတဲ့ ဆောင်ရွက်မှုတွေကိုတော့ နောက်ဆုတ်မှာမဟုတ်ဘူးဆိုတာမျိုး ပြောကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ အာဏာနဲ့ အပြည့်အဝ သက်ဆိုင်နေတယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်၊ Vietnam၊ မလေးရှား၊ Brunei နဲ့ ထိုင်ဝမ်တို့ကြား ရေပိုင်နက် အငြင်းပွားနေကြတဲ့ Spratley ကျွန်းစုတွေနေရာမှာ တရုတ်ကသူတို့ပိုင် နယ်မြေတွေ ဖြစ်အောင် အရှိန်မြှင့် ဆောင်ရွက်နေတာဖြစ်ပါတယ်။

XS
SM
MD
LG