သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်၊ အမေရိကန် စစ်တပ်ချင်း ဆက်ဆံရေး ထူထောင်မည်


တရုတ်၊ အမေရိကန် စစ်တပ်ချင်း ဆက်ဆံရေး ထူထောင်မည်
တရုတ်၊ အမေရိကန် စစ်တပ်ချင်း ဆက်ဆံရေး ထူထောင်မည်

အမေရိကန်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးမှာ နောက်တဆင့် တက်နိုင်ဖို့ ၂ နိုင်ငံစလုံးက အရပ်ဘက်နဲ့ စစ်ဘက် ခေါင်းဆောင်တွေ အသင့်ရှိနေကြပြီ ဖြစ်တဲ့အကြောင်း ၄ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ် အဆုံးသတ်ခဲ့တဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပြောဆိုလိုက်ပါတယ်။

ခရီးစဉ်အဆုံးမသတ်မီ ဒီကနေ့မှာတော့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဟာ တရုတ်နိုင်ငံက နျူကလီးယား ထိန်းသိမ်းရေး စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံကို ခရီးမဆက်မီ ဘေဂျင်းမြို့တော် မြောက်ဘက်က မဟာတံတိုင်းကြီးကိုလည်း လည်ပတ်ခဲ့တာပါ။ သောကြာနေ့မှာတော့ ဝန်ကြီး ဂိတ်စ်ဟာ တောင်ကိုရီးယားကို သွားရောက်ဦးမှာ ဖြစ်ပါတယ်။

နျူကလီးယား စစ်ဘက်ဆိုင်ရာ ဌာနချုပ်မှာ တရုတ်တပ်မှူးတွေနဲ့ တရုတ်နိုင်ငံရဲ့ နျူကလီးယားဆိုင်ရာ မဟာဗျူဟာမြောက် ကိစ္စရပ်တွေ အပါအဝင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိခဲ့တဲ့အတွက် ကျေနပ်မှု ရရှိတဲ့ အကြောင်းလည်း ပြောဆိုခဲ့တာပါ။

ဘေဂျင်းမြို့ပြင်က Qinghe ဌာနချုပ်ရဲ့ တပ်မှူးကလည်း အမေရိကန် ပြည်ထောင်စု Nebraska မှာရှိတဲ့ မဟာဗျူဟာမြောက် တပ်ဖွဲ့တွေရဲ့ ဌာနချုပ်စခန်းကို အပြန်အလှန် လာရောက်လည်ပတ်ဖို့ ဖိတ်ကြားချက်ကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။

၂ နိုင်ငံကြား နားလည်မှုတွေ၊ မှားယွင်း သုံးသပ်မှုတွေကို ရှောင်ရှားစေနိုင်မယ့် တိုက်ရိုက် စကားပြောဆိုနိုင်ရေး ရည်ရွယ်ထားတဲ့ ဒီခရီးစဉ်က ထွက်ပေါ်လာတဲ့ ရလဒ်တွေအတွက် အားရ ကျေနပ်မိတယ်လို့လည်း ဝန်ကြီး ဂိတ်စ်က ပြောဆိုခဲ့တာပါ။

တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှုတွေကနေ စစ်ဘက်ဆိုင်ရာ အချင်းချင်း ဆက်ဆံရေးတွေ နောက်တဆင့် တက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG