အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြားမှာ ပဋိပက္ခတွေ ဖြစ်နေတာထက် ပူးပေါင်းဆောင်ရွက်တာက အကျိုးပိုများတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။
ဒါပေမဲ့ ၂ ဘက်လုံးအတွက် ငြိမ်းချမ်း သာယာဝပြောမှု ရှိဖို့အတွက် စကားလုံး လှလှတွေကို လက်တွေ့ အကောင်အထည် ဖော်ရမယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ပြောပါတယ်။
အမေရိကန်နဲ့ တရုတ်ကြား ဝါရှင်တန်မြို့တော်မှာ တနင်္လာနေ့က စတင်တဲ့ ၂ ရက်ကြာ အဆင်မြင့် ဆွေးနွေးပွဲ အစမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
၂ ဘက် ဆွေးနွေးပွဲမှာ လူ့အခွင့်အရေးကိစ္စ၊ တရုတ်ရဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကိစ္စ၊ အမေရိကန် ပြည်ထောင်စုရဲ့ အကြွေးကိစ္စအပြင် ၂ နိုင်ငံလုံးအတွက် ဈေးကွက် အခွင့်အလမ်း ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတွေဟာ ပိုပြီး သာယာဝပြောတယ်၊ တည်ငြိမ်တယ်၊ အောင်မြင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
တရုတ်ကိုယ်စားလှယ် အဖွဲ့ကို တရုတ် နိုင်ငံတော်ကောင်စီဝင် ဒိုင် ဘင်ဂေါင် (Dai Binguo) နဲ့ ဒုတိယ ဝန်ကြီးချုပ် ဝမ်ကျိရှန် (Wang Qishan) တို့က ဦးဆောင်ပါတယ်။
အမေရိကန် အစိုးရနဲ့ တရုတ်အစိုးရကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဖို့ဟာ ၂ နိုင်ငံလုံးအတွက်တင် မကဘဲ တကမ္ဘာလုံးအတွက် အရေးကြီးပါတယ်လို့ တရုတ် ဒုတိယ ဝန်ကြီးချုပ်ကလည်း ပြောပါတယ်။